ဖမ်းဆီးခံ ကျန်းမာရေးလုပ်သားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ND-Burma တောင်းဆို

2022.04.07
ဖမ်းဆီးခံ ကျန်းမာရေးလုပ်သားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ND-Burma တောင်းဆို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေကြသော ကျန်းမာရေးဝန်ထမ်းများ။
Photo: AFP

စစ်တပ်အာဏာသိမ်းထားတဲ့ ၁၄လ ကျော်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျန်းမာရေးလုပ်သား ၂၈၆ ယောက်ကို အမှုရုပ်သိမ်းပြီး အမြန်ဆုံးလွှတ်ပေးဖို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) ND-Burma က တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးနေ့ ဧပြီ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုတာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်လာကြတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆေးကျောင်းသူ ကျောင်းသားတွေဟာ ပုဒ်မ ၅ဝ၅ နဲ့ အမှုဖွင့်ခံထားရပါတယ်။

အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း အယောက် ၃ဝ သေဆုံးပြီး ၂၈၆ ယောက် ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့ (PHR) အဖွဲ့ရဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၂ ဇန်နဝါရီ ၁ဝ ရက်အထိစာရင်းတွေကို ကိုးကားပြီး ND-Burma ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဆေးရုံ ဆေးပေးခန်းနဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေကိုလည်း ၁၂၈ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်း ၆ဝဝ ကျော်ကလည်း ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ လက်နက်ကိုင် တော်လှန်နေတဲ့ PDF အဖွဲ့ဝင်တွေကို ဆေးဝါး ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ND-Burma က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ မြန်မာပြည် ကျန်းမာရေးစနစ်ကောင်းမှာ မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဖိနှိပ်ခံနေရမှာပဲလို့ ND-Burma က ဆက်သွယ်မေးမြန်းထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေက မှတ်ချက်ပေးပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။