NCCT ခေါင်းဆောင်တွေ လူငယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ


2014.09.28
ncct-upwc-305 NCCT နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ရန်ကုန်မြို့ Green Hill Hotel မှာ စက်တင်ဘာလ ၂၈ ရက်နေ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေစဉ်
Photo: Myo Zaw Ko/ RFA

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညိုနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ NCCT အဖွဲ့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ပတ်သက် လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် ကိုကျော်ဂွန်းက အခုလို ပြောပါတယ်။

"ဒီနေ့တင်ပြသွားတဲ့ အချက်အလက်တွေကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက ပါဝင်ရမယ့်ကဏ္ဍနဲ့ ပတ်သက်တဲ့ အရာရယ် ဆွေးနွေးပါတယ်၊ ပညာရေးကဏ္ဍ၊ ပြီးလို့ရှိရင် လူငယ်တွေရဲ့ကဏ္ဍ၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှှုကိစ္စ ဒီအပစ်အခတ်လက်မှတ်မရေးထိုးတဲ့ ကြားကာလတွေမှာ ဒါတွေအင်မတန်မှ သိထားရမယ်ဆိုတဲ့ ကိစ္စရပ်ပိုင်းဆိုင်ရာတွေရယ်၊ ပြီးရင် ဒီငြိမ်းချမ်းရေး အသိပညာပေးလုပ်ငန်းရပ်တွေနဲ့ ဆိုင်ရာ လုပ်ငန်းတွေရယ်၊ အဲ့ဒါတွေ ကျနော်တို့ ဆွေနွေးတင်ပြတဲ့အပေါ်မှာ အဲ့ဒီအပေါ်မှာမှ ဆွေးနွေး တယ်၊ မေးမြန်းတယ်၊ကျနော်တို့ဆွေးနွေးတယ်၊ ဒါမျိုးတွေလုပ်ခဲ့ရတယ်"

အဲ့ဒီဆွေးနွေးပွဲကို NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားနေတဲ့ လူငယ်အဖွဲ့တွေအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

NCCT အဖွဲ့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအခုလို တွေ့ဆုံဆွေးနွေးတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

မနေ့ကလည်း NCCT အဖွဲ့ဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့နဲ့ ၃ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ကိုကျော်ဂွန်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။