ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အရှိန်မြှင့်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေး
2018.09.09

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ခရီးမရောက်နိုင်သေးတာကို ကျော်လွှားနိုင်ဖို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားထဲမှာ အလွတ်သဘောဆွေးနွေးပွဲတွေ၊ တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲတွေကို အရှိန်မြင့်တင်ဖို့လိုတယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ ဒုတိယနေ့မှာ ဆွေးနွေးခဲ့ ကြပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ဒုတိယနေ့ မြောက်နေ့အဖြစ် ဆက်လက်ကျင်းပတဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့တာလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။
"အထူးသဖြင့်ကတော့ ဒီနေ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျနော်တို့ မျှော်မှန်းသလာက်၊ စိတ်ထင်သလောက် ခရီးမရောက်ပဲဖြစ်နေတယ်။ ဒီတော့ ဒီဟာကို ထိထိရောက်ရောက်နဲ့ အကောင်အထည်ဖော်သွားနိုင်ဖို့ဆိုရင် ကျနော်တို့ ဒီထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့ သူတွေကြားမှာပဲဖြစ်ဖြစ် ဒါအလွတ်သဘောဆွေးနွေးပွဲတွေ၊ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေကို အဖက်ဖက်ကနေပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားကြမယ်ဆိုတဲ့ ယူဆချက်ကတော့ အားလုံးလက်ခံထားပြီးသားဖြစ်ပါတယ်"
အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံပြီး အနာဂတ်နိုင်ငံတည်ဆောက်ရေးမှာ ဒီမိုကရေစီ၊ ဖက်ဒရယ်တို့နဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက်တွေကို ရရှိလာဖို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအပါအဝင် NCAမထိုးထား တဲ့ အဖွဲ့တွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ဖို့ လိုတယ်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ဒီညီလာခံမှာ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ရရှိခဲ့တဲ့ ရလာဒ်တွေအပေါ် ပြန်လည်သုံးသပ်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၄ ရက်ကြာပြုလုပ်မယ့် ဒီညီလာခံကို NCA အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ FPNCC နဲ့ KNPP တို့ကို ဖိတ်ကြားထားပေမယ့် ဒီနေ့အထိတော့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့သာ တက်ရောက်တာကို တွေ့ရသေးတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တတိယအကြိမ် ပင်လုံညီလာခံမှာ ဆွေးနွေးခွင့်မရခဲ့တဲ့ ဖက်ဒရယ်အရေးအပါအဝင်၊ DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။