NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ စတင်ကျင်းပ


2018.09.08
nca-s-eao-meeting-622 NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ရဲ့ တတိယ အကြိမ်မြောက် ထိပ်သီးညီလာခံကို ၂၀၁၈၊ စက်တင်ဘာ ၈ ရက်နေ့က ချင်းမိုင်မြို့မှာ ကျင်းပစဉ်
Photo: Myo Win - facebook

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ရဲ့ တတိယ အကြိမ်မြောက် ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား မတူကွဲပြားမှုတွေကို နားလည်လက်ခံပြီး တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဦးတည်ကာ ဘုံသဘောတူညီချက်တွေ ခိုင်ခိုင်မာမာ ချမှတ်အကောင်အထည်ဖော်ဖို့ နဲ့ ညှိနှိုင်းဆောင်ရွက်ကြဖို့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ဒီနေ့ ညီလာခံအဖွင့် မိန်ု့ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား ပြည်သူလူထုတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ခုတည်းသော လမ်းစဖြစ်ကြောင်းလည်း KNU ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားခဲ့ ပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးက ခေါင်းဆောင်တွေလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာတယ်လို့ သိရပါတယ်။

ဒီညီလာခံကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားခဲ့ပေမယ့် ဖိတ်စာမရောက်သေးတာကြောင့် မတက်ရောက်ဖြစ်ကြောင်း KNPP ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က RFA ကို ဒီနေ့ ပြောပါတယ်။ အလားတူ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ FPNCC ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်များ တတိယအကြိမ် ညီလာခံကို စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၄ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။