အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ် ၁၀ ဖွဲ့ တေ့ွဆုံ
2018.07.13

ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကိစ္စတွေကို အကောင်အထည်ဖော်ရာမှာ ဆုံးဖြတ် ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေကြား တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ PNLO ဒုတိယဥက္ကဋ္ဌ က ပြောပါတယ်။
နေပြည်တော်က NRPC ရုံးမှာ ဒီနေ့ တေ့ွဆုံစဉ် ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောပါတယ်။
"အကောင်အထည်ဖော်တဲ့အခါမှာ အဆုံးအဖြတ်ပြုနိုင်တဲ့ ခေါင်းဆောင်တွေ၊ အခုကျနော်တို့ ဆွေးနွေး ကြပြီဆိုရင် အဆုံးအဖြတ်ပြုနိုင်တဲ့ ခေါင်းဆောင်တွေ အချင်းချင်းကြားမှာ တွေ့ပြီးတော့မှ တခါတလေ ကျလို့ရှိရင်လည်း မထတန်းဆွေးနွေးပြီးတော့မှ အဆုံးအဖြတ်ရတဲ့အထိ အဲလို အဆုံးအဖြတ်ပြုနိုင် တဲ့ ခေါင်းဆောင်တွေအကြားမှာ တကယ့် လက်တွေ့ကျကျဆွေးနွေးနိုင်ကြဖို့၊ ဒီက ဆွေးနွေးတဲ့အခါမှာ တကယ့်စားပွဲဝိုင်းမှာကြီးပဲ ထိုင်တာမဟုတ်ဘဲနဲ့ အလွတ်သဘောဆွေးနွေးမှုတွေနဲ့ နားနားနေနေ အေးအေးဆေးဆေး ဆွေးနွေးနိုင်တဲ့ နည်းလမ်းတွေပေါ့လေ ဒါကို ဘယ်လို နည်းလမ်းတွေနဲ့ ကျော်လွှားကြမလဲ ဆိုတဲ့အချက်ကို အဓိက တင်ပြကြတာ ဆွေးနွေးကြတာဖြစ် ပါတယ်။"
အဲဒီလို တွေ့ဆုံရာမှာ တရားဝင်ဆွေးနွေးပွဲတွေအပြင် အလွတ်သဘော တွေ့ဆုံပွဲတွေပါပြုလုပ်ဖို့ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။
တတိယအကြိမ် ပင်လုံညီလာခံပြီးတဲ့နောက်မှာ ဆက်လက်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ထိရောက်မှုတွေ ရှိစေဖို့အတွက် နိုင်ငံရေး မူဘောင်ပြန်လည်သုံးသပ်တာတွေနဲ့ တစ်ဆို့နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင် ဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိကျင်းပနေတဲ့ တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံက အတွေ့အကြုံတွေကို အခြေခံပြီး နောင်လာမယ့် ညီလာခံတွေမှာ အောင်မြင်အောင် ဆက်လက်ကြိုးစားကြဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်ရရှိရေးနဲ့ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ နိုင် ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ နေပြည်တော်မှာ တတိယမြောက်နေ့အဖြစ် ဒီနေ့ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတဲ့ ကဏ္ဍ ၅ ရပ် က အချက် ၁၄ ချက်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေး ခဲ့ပါတယ်။