လာမယ့်ပင်လုံညီလာခံမှာ အငြင်းပွားဖွယ်ကိစ္စတွေ ဆွေးနွေးမှာမဟုတ်
2018.06.03

လာမယ့် ဇွန်လ ၃၀ နေ့ရက်မှာ ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးမှာ မဟုတ်သေးဘဲ ချန်လှပ်ထားမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
ဒီတစ်ကြိမ်ကျင်းပတဲ့ ညီလာခံမှာ အငြင်းပွားဖွယ်ဖြစ်နိုင်တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ပြည်ထောင်စုက ခွဲမထွက်ရေး ကိစ္စတွေကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
"ဇွန်လ ၃၀ ရက်နေ့လို့ ပြောပါတယ်။ အစိုးရကတော့ ဇွန်လကို မကျော်စေချင်ဘူး၊ အစိုးရက ဇွန်လကိုမှီမှ နောက်ထပ်တစ်ကြိမ်လုပ်ဖို့ နောက် ၆ လ ကိုသွားပြီးတော့ မထိခိုက်ဘူးပေါ့ဗျာ၊ မဟုတ်ရင် နောက် ၆ လကို သွားပြီးတော့ ကျပ်သွားနိုင်တယ်ဆိုတာ အဲလိုသဘောထားရှိတယ်၊ ဒီတစ်ကြိမ်မှာတော့ Package လို့ ခေါ်တာပေါ့။ အဲဒီ Package လေးတစ်ခုကို မဆွေနွေးဘဲ ကျော်သွားလိုက်ရအောင်၊ ကျန်တဲ့ အငြင်းမပွားတဲ့ ကိစ္စတွေ ဆွေးနွေးရအောင်ဆိုပြီးတော့ သဘောထားကျပါတယ်၊ ဒါလည်းမှန်ပါတယ်။ ဒီကိစ္စက ဆွေးနွေးဖို့ အချိန်ယူရမယ်ဆိုတော့ ဒါဆွေးနွေးပြီးမှပဲ ပင်လုံခေါ်မယ်ဆိုရင်တော့ ပင်လုံကဖြစ်မှာမဟုတ်ဘူး၊ အခက်အခဲဖြစ်လိမ့်မယ် အဲဒါကြောင့်"
လာမယ့် ဇွန်လ ၃၀ ရက်နေ့ကစပြီး ကျင်းပမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ၅ ရက်ခန့် ကျင်းပဖို့ လျာထားတာရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
ညီလာခံ ကျင်းပနိုင်ရေး အတည်ပြုနိုင်ဖို့နဲ့ ပြင်ဆင်မူတွေ ပြုလုပ်နိုင်ဖို့အတွက် လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ခေါင်းဆောင်တွေ ဆွေးနွေးဖို့ရှိပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ RCSS/SSA က ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်သေးပေမယ့် ဒီညီလာခံမှာ ပူးပေါင်းဆောင်ရွက်ပြီး အတူတကွလိုက်ပါဖို့ ကတိပေးခဲ့တာရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေး အတားအဆီးဖြစ်နေတဲ့ အချက်တွေကို ကျော်လွှားနိုင်ဖို့ အစိုးရ၊တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ က နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ မေလ ၃၀ နဲ့ ၃၁ ရက်နေ့တွေက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံမှာ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအပါအဝင် လုံခြုံရေးဆိုင်ရာနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ နှစ်ဖက် ခေါင်းဆောင်တွေ သဘောတူညီခဲ့ပါတယ်။
ပြည်ထောင်စုကနေ လုံးဝခွဲမထွက်ပါဘူးဆိုတဲ့ သဘောတူညီချက်ကို တိုင်းရင်းသားအဖွဲ့တွေဘက်က လက်ခံပေးဖို့ တပ်မတော်က လိုလားနေတာဖြစ်ပြီး အဲဒီလို သဘောတူမှသာ ပြည်နယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဆိုင်တဲ့ ဖက်ဒရယ် အခြေခံမူတွေကို ဆွေးနွေးမယ်လို့ တောင်းဆိုထားတာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ပြည်ထောင်စုက ခွဲထွက်လိုစိတ်မရှိပေမယ့် ခွဲမထွက်ရေး အတွက် စာချုပ် ချုပ်ဆိုလိုက်မယ်ဆိုရင် နောက်ပိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကန့်သတ်ချုပ်ကိုင်တာတွေ ရှိလာမလားဆိုပြီး စိုးရိမ်မူတွေရှိနေပါတယ်။
ဒါကြောင့် တတိယအကြိမ်၂၁ ရာစုပင်လုံမှာ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေ မဆွေးနွေးတော့ဘဲ နောက်တစ်ကြိမ် ကျင်းပမယ့်ညီလာခံမှသာ အဲဒီအကြောင်းအရာတွေ ဆွေးနွေးမှာဖြစ်တယ်လို့ KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။