NBF အဖွဲ့ဝင် ပါတီ၂ဝ ထဲက ပါတီ ၁ဝ ခုက ပြည်သူ့လွှတ်တော် အမတ်တွေ ခွင့်ယူ
2014.07.24

နေပြည်တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့ တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ညီနောင် တိုင်းရင်းသားများပါတီ NBFအဖွဲ့ဝင် ပါတီ ၂ဝ ထဲက ပါတီ ၁ဝ ခုက ပြည်သူ့လွှတ်တော်အမတ်တွေ ခွင့်ယူခဲ့ကြတယ်လို့ NBF အဖွဲ့ဝင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အဲဒီနေ့လွှတ်တော်အစည်းအဝေးမှာ အချိုးကျကိုယ်စားပြု PR စနစ် ကျင့်သုံးရေး အဆိုတင်သွင်းမှာ ဖြစ်တဲ့အတွက် ကန့်ကွက်တဲ့အနေနဲ့ လွှတ်တော်မတက်ဘဲ ခွင့်ယူခဲ့ကြ တာလို့ သိရပါတယ်။
လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးမယ်ဆိုရင် ခွင့်ယူဖို့ NBF အစည်းအဝေးက ဆုံးဖြတ်ချက်ချ ထားပြီးဖြစ် တယ်လို့ ဆိုပါတယ်။ NBF အဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်မြင့်မြင့်သန်းက အခုလိုပြောပါတယ်။
"ကျွန်မတို့က ဒီနာယကကြီးဆီကို ကန့်ကွက်တဲ့အကြောင်း စာတင်ထားပြီးသားရှင့် နာယကကြီးကလည်း ဇွန်လ ၂၅ ရက်နေ့က ကျွန်မတို့ ပါတီစုံကိုခေါ်ပြီးတော့ ဆွေးနွေးတာဖြစ်ပါတယ်၊ သူအဲ့ဒါကို တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးမယ်လို့လည်း သူက ပြောထားပြီးသားပါ၊ ဒါပေမဲ့ ကျွန်မတို့ NBF ရဲ့ ဒီဆုံးဖြတ် ချက်အတိုင်းပေ့ါနော် ဒီ PR စနစ်ကို ပယ်နိုင်လို့ရှိရင် ကျွန်မတို့က ကန့်ကွက်တဲ့အနေနဲ့ အင်အားပြပြီးတော့ ဆန္ဒပြတဲ့ပုံစံမျိုး ကျွန်မတို့ ခွင့်ယူပြီးသွားမှာ ဖြစ်ပါတယ်လို့ အဲ့ဒီလိုမျိုးဆုံးဖြတ်ချက်ချထားတာ ဖြစ်ပါတယ်"
လွှတ်တော်မတက်ရောက်တဲ့ ကိုယ်စားလှယ်တွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ကိုယ်စားလှယ်(၁၈)ဦး၊ ဖလုံ-စဝေါ်ပါတီက ကိုယ်စားလှယ်တစ်ဦး၊ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီက လေးဦး အပါအဝင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၃ဝ ကျော် ခွင့်ယူခဲ့ကြတာဖြစ်တယ်လို့ ဒေါ်မြင့်မြင့်သန်းက ပြော ပါတယ်။
အလားတူ NLD ပါတီနဲ့တကွ တခြားပါတီတွေက ခွင့်ယူသူတွေလည်းရှိတယ်လို့ သိရပါတယ်။လွှတ်တော် တက်ရောက်ခွင့်ရှိသူ ၄၂၄ ဦးအနက် ခွင့်ယူသူစုစုပေါင်း ၆၆ ဦးရှိပြီး အစည်းအဝေး တက်ရောက်သူ ၃၅၆ ဦး ရှိတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တိုင်းဒေသကြီးများအလိုက် PR စနစ်ကိုအသုံးပြုဖို့ NDF ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆိုကို ကန့်ကွက် သူ ၄၂ ဦး ရိှတယ်လို့ သိရပါတယ်။
NBF အဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်သန်း ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။