မြန်မာစစ်ဘေးဒုက္ခသည်အရေး ကူညီဖို့ ထိုင်းလွှတ်တော်အမတ်တွေ ကြိုးပမ်း

RFA Burmese
2023.08.16
မြန်မာစစ်ဘေးဒုက္ခသည်အရေး ကူညီဖို့ ထိုင်းလွှတ်တော်အမတ်တွေ ကြိုးပမ်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ထိုင်း-မြန်မာနယ်စပ်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ ထိုင်းလွှတ်တော်အမတ်တွေအနေနဲ့ ကြိုးပမ်းနေတယ်လို့ Fair ပါတီအမတ် ကန်နဝီ ဆုဘ်ဆဲန် (Kanawee Suebsaeng) က RFA ကို ပြောပါတယ်။

Fair ပါတီဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝ ရက်နေ့က ထိုင်းလွှတ်တော်မှာ မြန်မာနိုင်ငံနယ်စပ်တလျောက် ဒုက္ခသည်တွေ ခိုလှုံနိုင်မယ့် အန္တရာယ်ကင်းဇုန်တစ်ခု ထိုင်း-မြန်မာနိုင်ငံကြား ညှိနှိုင်းထူထောင်သွားဖို့ ထိုင်းဝန်ကြီးချုပ်ကို တောင်းဆိုဖို့ အဆိုတင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ 

မစ္စတာကန်နဝီကို RFA က သြဂုတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့က သီးသန့် ဆက်သွယ်မေးမြန်းရာမှာ မြန်မာဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ထိုင်းလွှတ်တော်အမတ်တွေအနေနဲ့ နည်းလမ်း နှစ်ခု ကြိုးပမ်းမယ်လို့ ပြောပါတယ်။

"ပထမနည်းလမ်းက မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့နဲ့ ဒီလိုအကူအညီပေးတာတွေကို ကြီးကြပ်ပေးမယ့် လွှတ်တော်ကော်မတီတစ်ရပ်ကို ဖွဲ့ဖို့ အဆိုတင်ပါမယ်။ ဒီအဆိုတင်နိုင်ဖို့ လွှတ်တော်အမတ်အယောက် ၂ဝ ထောက်ခံဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲမှာ အမတ်အများဆုံးအနိုင်ရထားတဲ့ Move Forward ပါတီက အမတ်တွေနဲ့ တိုင်ပင်ထားပြီး လာမယ့်သတင်းပတ်မှာ အဆိုတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒုတိယနည်းလမ်းကတော့ လွှတ်တော်ဥက္ကဋ္ဌဆီ စာပေးပို့ပြီး ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေပါတဲ့ လုံခြုံရေးကောင်စီမှာ ဒီဒုက္ခသည်တွေအရေးကို ဖြေရှင်းတဲ့ နည်းလမ်းရှာဖွေဖို့ အကြံပြုတင်သွင်းသွားမယ်။"

ထိုင်း Fair ပါတီအမတ် မစ္စတာ ကန်နဝီဟာ ဩဂုတ်လ ၁၀ ရက်နေ့က မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် မြန်မာပြည်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်း-မြန်မာနယ်စပ်တလျှောက် မြန်မာနိုင်ငံဘက်ခြမ်းမှာ ၅ ကီလိုမီတာကျယ်မယ့် အန္တရာယ်ကင်းမဲ့ဇုန်တစ်ခုထားရှိနိုင်ရေး လွှတ်တော်ဥက္ကဋ္ဌကို ဦးဆောင်တင်ပြခဲ့သူဖြစ်ပါတယ်။

ဒီလိုထားနိုင်ရေး မြန်မာစစ်ကောင်စီအပါအဝင် ထိုင်း-မြန်မာ နှစ်နိုင်ငံခြားဖြစ်စေ၊ နိုင်ငံတကာအဖွဲ့တွေ ပါဝင်ပြီးဖြစ်စေ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ ထိုင်းနိုင်ငံကို ထိခိုက်စေခဲ့သလို ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ မြန်မာဒုက္ခသည် သုံးသိန်းလောက် အရေးကို ဖြေရှင်းဖို့ဟာလည်း ထိုင်းနိုင်ငံအတွက် စိန်ခေါ်ချက်ဖြစ်နေတယ်လို့ တင်ပြခဲ့ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ လျှော့ချဖို့ လိုအပ်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

အန္တရာယ်ကင်းဇုန် သတ်မှတ်ပေးနိုင်ရင် နယ်စပ်တလျှောက်က ထိုင်းနိုင်ငံသားတွေ ကြုံတွေ့ရမယ့် ဝန်ထုပ်ဝန်ပိုးတွေ လျော့နည်းသွားမယ့်အပြင် ထွက်ပြေးလာသူတွေအနေနဲ့လည်း အဲဒီနေရာမှာ လုံလုံခြုံခြုံနေနိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာဒုက္ခသည်တွေကို ကူညီဖို့နဲ့ အန္တရာယ်ကင်းမဲ့ဇုန်ပေါ်ပေါက်ဖို့ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းတွေကို ဖိတ်ခေါ်တိုင်ပင်ဆွေးနွေးပြီး အကူအညီတွေ ရယူဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။