မြန်မာပြည်အရေး NUG နဲ့ အမေရိကန်လွှတ်တော်အမတ်ဆွေးနွေး
2023.05.26

မြန်မာပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NGU ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော် အမတ် Benjamin J Allen တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်ရဲ့ ဖိတ်ကြားချက်နဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်ကို မေလ ၂၅ ရက်နေ့က သွားရောက်တွေ့ဆုံပြီး သီးသန့်ဆွေးနွေးခဲ့တာပါ။
အဲဒီလိုဆွေးနွေးရာမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို NUG အစိုးရက တင်ပြခဲ့ပြီး မြန်မာပြည်သူတွေလိုအပ်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုက ပံ့ပိုးကူညီနိုင်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်ကို ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ အတူလိုက်ပါသွားတဲ့ ကိုဇော်က ပြောပါတယ်။
ဒီတွေ့ဆုံဆွေးနွေးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး NUG အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။
အဲဒီဆွေးနွေးပွဲမတိုင်ခင်မှာ NUG အစိုးရရဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နဲ့ NUG အစိုးရကို ဝန်းရံကူညီနေတဲ့ ကယ်လီဖိုးနီးယားက မြန်မာနိုင်ငံသားတချို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်ကိုလည်း လေ့လာခဲ့ကြပါတယ်။
ကယ်လီဖိုးနီးယားကို ရောက်ရှိနေတဲ့ NUG အစိုးရ ပြည်ထောင်စု ဝန်ကြီးတွေဟာ ကယ်လီဖိုးနီးယားရောက် မြန်မာတွေနဲ့လည်း တွေ့ဆုံခဲ့ကြပြီး တက်ရောက်လာသူတွေက မြန်မာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အလှူငွေတွေထည့်ဝင်ခဲ့ကြပါတယ်။
ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အမေရိကန်ပြည်ထောင်စုက တခြားပြည်နယ်တွေကိုလည်း သွားရောက်ဖို့ရှိပါတယ်။