နေပြည်တော်မှာ အကျဉ်းသားခုနစ်ဦး ထွက်ပြေးလွတ်မြောက်

RFA Burmese
2023.10.18
နေပြည်တော်မှာ အကျဉ်းသားခုနစ်ဦး ထွက်ပြေးလွတ်မြောက် နေပြည်တော် အကျဉ်းထောင်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်။
AFP

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာရွာမှာရှိတဲ့ ကင်းသာ (၂) ကုန်ထုတ်စခန်းကနေ ရာဇဝတ်အကျဉ်းသား ခုနစ်ဦး အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သူတွေဟာ အသက် ၂၀ ကနေ ၃၅ နှစ်ကြားရှိကြတဲ့ ကိုနိုင်လင်း၊ ကိုသန်းထိုက်အောင်၊ ကိုရဲမင်းဦး၊ ကိုနေထက်အောင်၊ ကိုအောင်ဆန်းဦး၊ ကိုကျော်ကျော်သက်နဲ့ ကိုအောင်နိုင်စိုးတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်ချိန်မှာ ထောင်ဒဏ်လက်ကျန် နှစ်နှစ်ကနေ ခြောက်နှစ်ကျော်ထိ ကျန်နေသူတွေဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“ကင်းသာမှာက တခြားအမှုတွေထားတာ၊ နိုင်ကျဉ်းမရှိဘူး။ များသောအားဖြင့်တော့ လွတ်နီးတွေများတယ်။ ကင်းသာဘက်က ပြေးနေကျ။ အဲဒီဘက်က စည်းကမ်းလည်း လျော့ရဲတာများတယ်”

လက်ရှိမှာတော့ ထွက်ပြေးလွတ်မြောက်နေသူတွေကို ရဲနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်း အင်အား ခြောက်ဆယ်ခန့် လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့ကလည်း နေပြည်တော်ကနေ ရမည်းသင်းထောင်ကို ရုံးထုတ်ပြီးပြန်လာတဲ့ အချုပ်ကားဟာ တပ်ကုန်းမြို့နယ်ထဲအရောက် ရာဇဝတ် အကျဉ်းသား ကိုးဦးက အစောင့်ရဲတွေကို တိုက်ခိုက်ပြီး သေနတ်လုယူထွက်ပြေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းကလည်း တနင်္သာရီတိုင်း၊ ထားဝယ်ထောင်က အကျဉ်းသားငါးဦးဟာ ထောင်အပြင်မှာ ရော်ဘာထင်းထွက်သယ်ချိန် လုံခြုံရေးတာဝန်ကျတဲ့ ဝန်ထမ်းနှစ်ဦးကိုသတ်ပြီး ထွက်ပြေးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တောင်ငူထောင်မှာတော့ နိုင်ငံရေးအကျဉ်းသား ဆယ်ဦး၊ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက် ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးချိန် သေနတ်လုထွက်ပြေးပြီး လွတ်မြောက်သွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က မကွေးတိုင်း ပခုက္ကူအကျဉ်းထောင်မှာ အချုပ်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ငါးဦးဟာလည်း အချုပ်ခန်းကိုဖောက်၊ မြင့်မားတဲ့ ထောင်ဝင်းအုတ်တံတိုင်းကို ခက်ခက်ခဲခဲ ကျော်တက်ပြီး ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။