စစ်ခေါင်းဆောင်ရှိရာ နေပြည်တော်မှာ လျှပ်စစ်မီး နှစ်ဆကျော် ပိုရနေ
2025.01.07
နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားကို အချိုးကျခွဲဝေပေးရာမှာ စစ်ကောင်စီရုံးစိုက်ရာလည်းဖြစ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှိတဲ့ နေပြည်တော်မှာ လျှပ်စစ်မီး နှစ်ဆကျော် ပိုပေးထားတယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လျှပ်စစ်ဓာတ်အား တစ်ရက်ပျှမ်းမျှထုတ်လုပ်နိုင်မှုရဲ့ ငါးဆယ် ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တာကြောင့် ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားကို အချိုးကျခွဲ ဝေပေးနေရတယ်လို့ ဆိုပါတယ်။
ဒီလိုအချိုးကျခွဲဝေပေးရာမှာ လူခုနစ်သန်းကျော်နေထိုင်တဲ့ ရန်ကုန်တိုင်းမှာ အုပ်စု သုံးစွဲခွဲပြီး လေးနာရီပေး ရှစ်နာရီပိတ်နဲ့ မန္တလေးတိုင်းမှာ အုပ်စု လေးစုခွဲပြီး သုံးနာရီပေး ကိုးနာရီပိတ် စတဲ့အလှည့်ကျစနစ်တွေနဲ့ လျှပ်စစ်မီးပေးနေတာပါ။
ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ အုပ်စုတွေခွဲပြီး ခြောက်နာရီ အလှည့်ကျအစီအစဉ်နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေတယ်လို့ ဖော်ပြပါတယ်။
လူဦးရေ တစ်သန်းကျော်ရှိတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှိရာ နေပြည်တော်မှာတော့ အရပ်သားတွေအတွက် တစ်ရက်ကို ၁၆ နာရီပေး ရှစ်နာရီပိတ်၊ ဝန်ထမ်းအိမ်ရာတွေအတွက် ၁၈ နာရီပေး လေးနာရီပိတ်စနစ်နဲ့ လျှပ်စစ်မီးပေးထားတယ်လို့ ဖော်ပြထားတာကြောင့် ကျန်တိုင်းနဲ့ ပြည်နယ်တွေထက် လျှပ်စစ်မီးရရှိမှု နှစ်ဆကျော်ပိုနေတာ ဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ နေပြည်တော်လိုမျိုး ရန်ကုန်မှာလည်း လျှပ်စစ်မီး အချိန်များများရချင်မိတယ်လို့ RFA ကို ပြောပါတယ်။
ဓာတ်အားလိုင်းတွေဖျက်ဆီးခံရမှု၊ သဘာ၀ဓာတ်ငွေ့ရရှိမှုနည်းပါးခြင်းနဲ့ ရာဂီမုန်တိုင်းသက်ရောက်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၄၄၀ မဂ္ဂါဝပ် လျော့ကျခဲ့တယ်လို့လည်း စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေပြည်တော်ကို ဘာ့ကြောင့် လျှပ်စစ်ဓာတ်အားအချိုးကျခွဲဝေမှု ပိုပေးနေရသလဲဆိုတာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြောခွင့်ရသူ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဇန်နဝါရီလ ၇ ရက် ဒီနေ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။