နေပြည်တော် ကာရာအိုကေဆိုင်တွေ ည ၁၁ နာရီပိတ်ဖို့ ညွှန်ကြား


2015.09.01
naypyitaw-620.jpg နေပြည်တော်မှ ကြိုဆိုသည် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: commons.wikimedia.org

လာမယ့် စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲအကြိုကာလ လုံခြုံရေးဆောင်ရွက်မှာဖြစ်တဲ့ အတွက် နေပြည်တော် မြို့နယ် ၈ မြို့နယ်က ကာရာအိုကေဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ည ၁၁ နာရီမှာ ပိတ်သိမ်းဖို့ ဒက္ခိဏသီရိခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းချွန်က ဆိုင်ပိုင်ရှင်တွေကို ဒီကနေ့ ခေါ်ယူတေ့ွဆုံပြီး သတိပေးလိုက်ပါတယ်။ ဒက္ခိဏသီရိခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းချွန်က ကာရာအိုကေနဲ့ စားသောက်ဆိုင် ပိုင်ရှင် ၅၀ကျော်ကို ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ဒီနေ့ ခေါ်ယူတွေ့ဆုံပြီး အခုလိုသတိပေးတာဖြစ်ပါတယ်။

"ရွေးကောက်ပွဲနီးလာတဲ့အခါမှာ လက်ရှိဆိုရင် ရွေးကောက်ပွဲအကြိုကာလ လုံခြုံရေး၊ ၈ ရက်နေ့ကစပြီးတော့ မဲဆွယ်စည်းရုံးစဉ် လုံခြုံရေးကာလဖြစ်လာတယ်၊ ဒီကာလတွေမှာလည်း လုံခြုံရေးအရ KTV ကို ည ၁၁ နာရီမှာပိတ်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်"

အလှပြင်ဆိုင်အမည်ခံပြီး ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတွေကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ ဒုတိယ ရဲမှူးကြီး ဝင်းချွန်က ပြောပါတယ်။ နေပြည်တော် ဒက္ခိဏသီရိခရိုင်မှာ ရဲတပ်ဖွဲ့ဝင်ပေါင်း ၇၀၀ ကျော်ရှိပြီး လုံခြုံရေးအတွက် ကင်းလှည့်စစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဆီးဂိမ်းအားကစားပွဲတော်ကာလနဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ အိုဘားမား နေပြည်တော်ရောက်ရှိစဉ်က ကာရာအိုကေဆိုင်တွေကို ဖွင့်ခွင့်မပေးပဲ ရက်အတန်ကြာ ပိတ်ပင်ခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။