နောင်ချို ခမရ-၁၁၅ တပ်ရင်းကနေ လက်နက် လေးရာနီးပါး ရရှိကြောင်း TNLA ပြော

RFA Burmese
2024.06.28
နောင်ချို ခမရ-၁၁၅ တပ်ရင်းကနေ လက်နက် လေးရာနီးပါး ရရှိကြောင်း TNLA ပြော နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီ ခမရ-၁၁၅ တပ်စခန်းကို တိုက်ခိုက်ပြီး သိမ်းဆည်းရရှိခဲ့သည့် စစ်လက်နက်ပစ္စည်းများအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ထားစဉ်။
PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၁၁၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် ၃၈၀ ကျော်အထိ သိမ်းပိုက်ရရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိတဲ့အထဲမှာ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး၊ RPG-7 ၊ ပွိုင့်- 5 စက်သေနတ်နဲ့ ချေမှုန်းရေးရိုင်ဖယ် စတဲ့ လက်နက်အမျိုးအစားမျိုးစုံ ပါဝင်ပါတယ်။

ဒီ့အပြင် လက်နက်ငယ် ကျည်ဆန် ငါးသောင်းကျော် RPG နဲ့ ၈၀ မမ၊ ၆၀ မမ စတဲ့ လက်နက်ကြီးကျည် အမျိုးမျိုး ငါးရာကျော်၊ ဗုံးသီး၊ မိုင်းနဲ့ စကားပြောစက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နောင်ချိုမြို့ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ အပါအဝင် မြို့ပေါ်နေရာ အားလုံးနီးပါးကို TNLA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့က စပြီး ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေနဲ့ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့နယ်တွေကို TNLA နဲ့ မန္တလေးတိုင်း PDF၊ ဓနု PDFနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။