လက်နက်ကြီးကြောင့် နောင်ချိုဒေသခံ ခုနစ်ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်
2024.05.18

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ မေလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းပြန်ကြားရေးဌာနက မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မေလ (၁၅)ရက်နေ့က နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ စစ်ကြောင်းထိုး စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေက သုံးဆယ်ရွာကိုလက်နက်ကြီးနဲ့ ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်တာကြောင့် အရပ်သား ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်သူ သုံးဦးကို ပြင်ဦးလွင်ဆေးရုံနဲ့ ကျန်တဲ့ လေးဦးကို မိုင်းလုံပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ၂၇ ရက်နဲ့ မေလ ၁၀ ရက်နေ့တွေကလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ငါးဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ တအာင်းပြည်နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မတ်လအထိ သုံးလအတွင်း သေဆုံးသူ ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၈၉ ဦးအထိ ရှိခဲ့ပါတယ်။