တိုင်းရင်းသားခေါင်းဆောင်များ ညီလာခံ လိုင်ဇာမြို့မှာ စတင်
2014.07.25

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ထိပ်သီးအစည်းအဝေးကို ပထမနေ့အဖြစ် ကချင်ပြည်နယ်က KIO ဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ စတင် ကျင်းပကြပါတယ်။
ဒီနေ့အစည်းအဝေးကို NCCT အဖွဲ့ဝင် ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေတက်ရောက်ကြပြီး အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ ထည့်သွင်းရေးဆွဲမယ့်အချက်တွေကို တစ်ဖွဲ့ချင်းအလိုက်တင်ပြကြတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။
"ဒီနေ့ကတော့ တကယ်တော့ ဆွေးနွေးတာနည်းနည်း ပါပဲ၊ ဒီနေ့က ဖွင့်ပွဲနေ့ဖြစ်တယ်ဆိုတော့ ကျနော်တို့ လိုင်ဇာကနေပြီးတော့ တရားဝင်ဖွဲ့ပေးလိုက်တဲ့ NCCT ပေါ့၊ လုပ်ငန်းအဖွဲ့က ၁၆ ယောက်ပါတယ်၊ ဒီ ၁၆ ယောက်က မိမိတို့ရဲ့ မိခင်အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်တွေကို တင်ပြတော့ ၁၆ ယောက်ရဲ့ ထိပ်သီးခေါင်းဆောင်တွေ လာရောက်ပြီးတော့ ကြားနာတာပေါ့ဗျာ၊ စာချုပ်ရဲ့သဘောသဘာဝအတိုင်း ကျနော်တို့ နိဒါန်းတို့၊ အခန်း ၁ တို့၊ အခန်း ၂ တို့ကို ဆက်လက်ပြီးတော့ ဆွေးနွေးပါတယ်၊ ဆွေးနွေးတဲ့နေရာမှာလည်း အဓိကကတော့ ခေါင်းဆောင်တွေအနေ နဲ့ကနေ ဒီစာချုပ်ချုပ်တုန်းက လောလောဆယ်ဆယ် ရေးသားထားတဲ့ ဖော်ပြချက်တွေကို အဓိပ္ပါယ်ရှင်းပေးဖို့ ၊ နောက်ကြောင်းအယူအဆတွေကို ဖော်ပေးဖို့၊ အကျိုးအကြောင်းတွေကို ရှင်းပြဖို့ အဲ့ဒီလို မေးမြန်းတာတွေ ကို ပြန်ဖြေတာနဲ့ပဲ ဒီနေ့က အချိန်ကုန်သွားတယ်ဗျ"
အခုကျင်းပနေတဲ့ လိုင်ဇာထိပ်သီးအစည်းအဝေးကို တနင်္လာနေ့ အဆုံးသတ်မှာဖြစ်ပြီး အဲဒီနောက်မှာ NCCT အဖွဲ့ဝင်မဟုတ်သေးတဲ့ ABSDF ကျောင်းသားတပ်မတော်အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေနဲ့ပါ အစည်းအဝေးတစ်ခု ဆက်လက်ကျင်းပမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။
လိုင်ဇာမှာဆွေးနွေးနေတဲ့ တိုင်းရင်းသားတွေရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး MPC မြန်မာငြိမ်းချမ်းရေးဗဟိုဌာန ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။