ချင်းပြည်နယ် မင်းတပ်မှာ စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေ
ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.04.27
2021.04.27

စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၂၆ ရက် မနေ့ နေ့လယ်ပိုင်းကနေ ဧပြီလ ၂၇ ရက် ဒီနေ့ထိ ၂၄ နာရီအတွင်း မန္တလေးမှာ တစ်ယောက်၊ ထားဝယ်မှာတစ်ယောက်၊ ဒီမောဆို့မှာတစ်ယောက်၊ စုစုပေါင်း သုံးယောက် သေဆုံးပြီး၊ အဖမ်းခံရသူ တချို့ရှိခဲ့ပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို ဧပြီလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်လောက် အာဏာသိမ်း စစ်ကောင်စီက ယာဉ်တန်း ၉ စီးခန့်လောက်နဲ့ တက်လာတာကြောင့် မင်းတပ်မြို့နဲ့ ၅ မိုင်ခန့်အကွာ ဂေါက်ကွင်းနားမှာ ဒေသခံ ပြည်သူတွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက် အပြည့်အစုံပါတဲ့ စစ်သားအင်အား ၁၅၀ ကျော်နဲ့ လာတိုက်နေတာကြောင့် အင်အားမမျှလို့ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ခံစစ်အနေနဲ့အပြင် ပြောက်ကျားစနစ်နဲ့ပါ ပြန်တိုက်နေရတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးတွေနဲ့ မြို့ကို လှမ်းပစ်မှာစိုးရိမ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
RFA က ဆက်သွယ်စုံစမ်းခဲ့တဲ့ နေ့လယ် တစ်နာရီလောက်က အထိ ပစ်ခတ်နေတုန်း ဖြစ်သလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လက်နက်ကြီး RPG နဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကားနှစ်စီးကို ဒေသခံတွေဘက်က မိုင်းခွဲခံလိုက်တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဘက်က အကျအဆုံးရှိပြီး ပြည်သူတွေဘက် အထိအခိုက်မရှိဘူးလို့ မင်းတပ်ဒေသခံက ပြောပါတယ်။
အဲဒီနေရာမှာ နှစ်ဖက် ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မနေ့ညနေပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိပ်တိုက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဆယ့်ငါးယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ခန့်ထားတဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ထဲမှာ ဧပြီ ၂၆ ရက်မနေ့ည ၇ နာရီကျော်လောက်မှာ ထမင်းကြော်နဲ့ စမူဆာအပါအဝင် အစားအသောက်ရောင်းနေတဲ့ အသက် ၃၇ နှစ်အရွယ် ကိုဇော်ရှိန်း ကို စစ်တပ်က သေနတ်နဲ့ပစ်လို့ သေဆုံးသွားပါတယ်။
စစ်တပ်က စခန်းချထားတဲ့ အမှတ် (၂၄) အထက်တန်းကျောင်း လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပြီးတဲ့နောက် အဲဒီ အနီးအနား ပတ်ဝန်းကျင်ကို စစ်တပ်တွေ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကိုဇော်ရှိန်းရဲ့ ရင်ဘတ် သေနတ်ကျည် ထိမှန်ခဲ့တာပါ။
ညဦးပိုင်း ဈေးရောင်းနေတဲ့အချိန်မှာ ပစ်ခတ်နေလို့ ဈေးသိမ်းဖို့ လုပ်နေရင်းနဲ့ ကျည်ဆန်ထိမှန် သွားတာလို့ မိသားစုဝင်တစ်ယောက်က RFA က ပြောပါတယ်။
ကိုဇော်ရှိန်းရဲ့ အသုဘ အခမ်းအနားကို ဒီကနေ့ နေ့လယ် ၁ နာရီ မန္တလေးမြို့၊ အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ် ခဲ့ကြပါတယ်။
အဲဒီအပြင် မန္တလေးမှာ မနေ့ညက စစ်တပ်ဖွဲ့က ပစ်ခတ်လို့ အနည်းဆုံး အရပ်သားနှစ်ယောက်လည်း ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်၊ ဒီမော့ဆိုမှာ ပြည်သူတွေရဲ့ ခံတပ်အတားအဆီးတွေကို စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ဧပြီလ ၂၆ ရက် ဒီနေ့မှာ လိုက်လံဖျက်စီးရင်း ပစ်ခတ်တာကြောင့် အသက် ၅၀ ကျော် အရွယ် ဦးပေါ်လူ ကျည်ထိမှန် သေဆုံးသွားပါတယ်။
၆ မိုင်ကျေးရွာမှာနေတဲ့ လူငယ်တစ်ယောက်ကတော့ သူနေတဲ့ ရွာကဒေသခံ တစ်ယောက် ကျည်အစစ်နဲ့ အချက်အများကြီး ထိထားတာ တွေ့ရကြောင်းနဲ့ ရာဘာကျည်ထိတာက သုံးယောက်ရှိတယ်လို့ RFA ကိုပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နှစ်လကျော်အတွင်းမှာ စစ်တပ်က ပစ်ခတ်လို့ ကယားပြည်နယ်မှာ သေဆုံးသူတဲ့ သူစုစုပေါင်း ငါးယောက်ရှိပြီ ဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ရုံးကြီးလမ်းဆုံအနားမှာ ဧပြီလ ၂၆ ရက် မနေ့ည ၇ နာရီလောက်က ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသမီးတစ်ယောက်ကို စစ်တပ်က ပစ်လိုက်တဲ့အတွက် သေနတ်ဒဏ်ရာနဲ့ ဆေးရုံ အရောက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူတစ်ယောက်ကိုလည်း ဖမ်းသွားတယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ ဖမ်းဆီးခံရတဲ့သူ ဘယ်သူဘယ်ဝါဆိုတာကို RFA အနေနဲ့ ဆက်လက်စုံစမ်း နေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ ရာဇဂြိုဟ် ကျေးရွာမှာ မနေ့က စစ်တပ်နဲ့ရဲတွေက မော်တော်ကားတွေနဲ့ ရောက်လာ ပြီးတော့ ဒုလ္လဘဝတ်နေတဲ့ ရဟန်းတစ်ပါးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူကတော့ ရာဇဂြိုဟ်ကျေးရွာသား အသက်၄၀ခန့်လူနာမည် ကိုမြင့်ဇော်ဖြစ်ပြီးတော့ ရွာအနီး တောင်တန်းသာသနပြုကျောင်းမှာ သင်္ကြန်ဒုလ္လဘဝတ်နေသူ ဖြစ်ပါတယ်။
ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ RFA က စုံစမ်းလို့ မရသေးပါဘူး။
ရာဇဂြိုဟ် ကျေးရွာဟာ အိမ်ခြေ (၁၅၀၀) လောက်ရှိပြီး၊ လက်ရှိမှာ စစ်တပ်နဲ့ရဲတွေက ဆန္ဒပြသူတွေနဲ့ ပတ်သက်ပြီး ရှာဖွေဖမ်းဆီးနေတာကြောင့် လူငယ်တွေက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ဖမ်းဆီးမှုတွေရှိနေပေမယ့် ဒီနေ့ ကလေးမြို့ပေါ်မှာတော့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့မှာလဲ လမ်းတွေပေါ်မှာ လူငယ်တွေ ရာနဲ့ချီပြီး ချီတက်ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။
ရန်ကုန်မြို့မှာ နေ့လည် ၁၂ နာရီကျော်က စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းနဲ့ စမ်းချောင်းလမ်းထဲမှာ လူငယ်တွေ ပြောက်ကျားစနစ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို၊ တောင်ဥက္ကလာပ မြို့နယ်၊ အင်းစိန်မြို့နယ် အပါအဝင် ရန်ကုန်ထဲက မြို့နယ်တွေမှာ လူငယ်တွေက ပြောက်ကျားစနစ်သုံး ဆန္ဒပြနေကြပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့၊ ညောင်ဦးမြို့၊ ဖားကန့်မြို့ တာမခန်ရွာ၊ စတဲ့နေရာတွေအပါအဝင် မြို့နယ် တော်တော်များများမှာလဲ ဆန္ဒပြပွဲတွေဆက်ရှိနေပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ထောက်ခံကြောင်း ပြသနေကြပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၅၀ ကျော် နေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ဒီနေ့အခထိ အဖမ်းခံထားရတဲ့သူ သုံးထောင့်လေးရာကျော်နေပြီး ဖမ်းဝရမ်း အထုတ်ခံထားရသူ တစ်ထောင့်တစ်ရာ ကျော်နေပြီလို့ သိရပါတယ်။