နန်စီပွန်ဒေသကို ကုန်နဲ့ဆီ အများအပြား သယ်ယူခွင့်မရှိ


2017.09.14
nansipon-yaymasay-622.jpg စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ရေမဆေးကျောက် ရှာဖွေနေသူတွေကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ကနေ နန်စီပွန်နဲ့ တနိုင်းဒေသဘက်ကို ဆန်အပါအဝင် စားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ အများအပြား သယ်ယူခွင့်ကို အထောက်အထား ခိုင်လုံအောင် မပြနိုင်ရင် ပိတ်ပင်ထားတယ်လို့ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နန်စီပွန်ဒေသအပြင် KIA နယ်မြေနဲ့ ဆက်စပ်နေတဲ့ တနိုင်းနယ်စပ်နေရာတွေကို တင်ပို့တာတွေကို ပိတ်ထား တာဖြစ်တယ်လို့ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

"ဟုတ်တယ်။ ကျနော်တို့ နန်စီပွန်ဘက်ရော၊ ပဒူးမုန်းဘက်ကနေ အထက်ဘက်ရော တိုက်တေးတို့ တနိုင်း နယ်စပ်အထိ ကျနော်တို့က ခွင့်မပြုပါဘူး။ ဟိုဘက်က KIA နယ်မြေနဲ့ ဆက်စပ်နေပါတယ်။ ဒီဘက်မှာလည်း တပ်မတော်စစ်ကြောင်းထိုးနေတာရှိပါတယ်။ ဆီ ဆိုတာက တကယ်လို့ ကုမ္ပဏီက လုပ်ငန်းတွေအတွက် မှန်ကန်တယ်ဆိုရင်တော့ သယ်ခွင့်ပြုပါတယ်။ သို့သော်လည်း အထောက်အထားမပါဘူး၊ ကုမ္ပဏီအတွက်လည်း စက်သုံးဆီဝယ်ယူခြင်းမဟုတ်ဘူး၊ မှာယူခြင်းမဟုတ်ဘူး၊ အထောက်အထားမပါရင် ကျနော်တို့ ခွင့်မပြုပါဘူး။"

စက်လှေကြီးတွေနဲ့ ပစ္စည်းတွေအမြောက်အမြား သယ်ယူခွင့်မပြုတာဖြစ်ပြီး ဒေသသုံးအတွက် တပိုင်တနိုင် သယ်ယူတာတွေကိုတော့ ခွင့်ပြုထားတယ်လို့လည်း ဦးဇော်ဇော်က ပြောပါတယ်။

နန်စီပွန်ဒေသဘက်ကို ဆန်တွေအပါအဝင် စားသောက်ကုန်တွေ သယ်လာတဲ့ စက်လှေတွေကို ခန္တီးမြို့မှာ တားမြစ်ပြီး ပြန်လှည့်ခိုင်းနေတာလို့ ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

စားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ နွေရာသီဆိုရင် မြစ်ရေကျသွားတာကြောင့် သယ်မရတဲ့အတွက် မိုးတွင်းမှာသာ စက်လှေနဲ့ သယ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

နန်စီပွန်ဒေသမှာ နေထိုင်သူ လူဦးရေ တစ်သောင်းကျော်လောက်ရှိတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။