နန်စလင်းချောင်းဖျားမှော် ကျောက်လုပ်ကွက်တွေ ရောင်းချပေးမည်


2018.05.14
nansipon-yaymasay-622.jpg စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ ရေမဆေးကျောက်ရှာဖွေတဲ့လုပ်ငန်းခွင်ကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေအတွင်းက နန်စလင်းချောင်းဖျားမှော်မှာ တပိုင်တနိုင် ကျောက်မျက် တူးဖော်လိုသူတွေအတွက် ကျောက်လုပ်ကွက် ၃၇ဝ ကျော်ကို ရောင်းချပေးသွားမယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ဒီနေ့ ပြောပါတယ်။

မေလ၂၈ ရက်နေ့ကနေ လာမယ့် ဇွန်လ ၂၈ ရက်နေ့အထိ တစ်လတာအတွင်း တိုင်းဒေသကြီး အစိုးရထံမှာ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။

“ကျနော်တို့ လျှောက်လွှာတွေ လုပ်ချင်တဲ့သူတွေကိုခေါ်မှာလေ။ မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်နေ့ အထိကို လုပ်ကွက်တွေ လုပ်ချင်တဲ့သူတွေကို လျှောက်လွှာတွေ တင်သွင်းခိုင်းမှာ။ သတင်းစာကလည်း ကြော်ငြာမှာပေါ့။ ရေမဆေးသမားတွေက လုပ်ကွက်တွေထဲမှာရှိတဲ့ မြေစာပုံတွေကို ဝင်ရှာတာကနေ ပြဿနာတွေဖြစ်တော့ အဲဒီလိုမဖြစ်အောင် သူတို့ကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေပေးမှရမယ်။ သူတို့ကိုလည်း ကျောက်တူးလို့ရအောင် ဆောင်ရွက်ပေးမှရမယ် ဆိုတာမျိုး တိုင်းဒေသကြီး အစိုးရက သဘောထားရှိတယ်လေ”

ပုံစံ(၁ဝ) အိမ်ထောင်စုစာရင်းရှိပြီး မြန်မာနိုင်ငံအတွင်းနေထိုင်သူ ဘယ်သူမဆို ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လူတစ်ဦးဟာ အများဆုံး လုပ်ကွက် ၃ ကွက်အထိ ဝယ်ယူခွင့်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အိတ်ပိတ်တင်ဒါစနစ်နဲ့ လျှောက်ထားရမှာဖြစ်ပြီး လုပ်ကွက်တစ်ကွက်အတွက် အခြေခံနှုန်းထား ကျပ် ၅ သိန်း သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

ဈေးနှုန်းအများဆုံးပေးသူတွေဟာ ဒေသခံတွေနဲ့ တခြားတိုင်းနဲ့ပြည်နယ်မှာ နေထိုင်သူတွေဆိုရင် ဒေသခံကို ဦးစားပေးမှာဖြစ်တဲ့အပြင် စည်းကမ်းချက်တွေအရ ခန္တီးရတနာနယ်မြေအတွင်း ကျောက်မျက်ကုမ္ပဏီတွေက မန်နေးဂျင်းဒါရိုက်တာ၊ ဒါရိုက်တာနဲ့ ကုမ္ပဏီပိုင်ရှင်တွေအနေနဲ့ လျှောက်ထားခွင့်မရှိဘူးလို့ ဆိုပါတယ်။

လုပ်ကွက်တစ်ကွက်ဟာ ပေ ၂ဝဝ ပတ်လည်အကျယ်အဝန်းရှိပြီး တစ်နှစ်တာ လုပ်ကိုင်ခွင့် ရမှာဖြစ်ပါတယ်။

အခုလို တပိုင်တနိုင် ကျောက်မျက်တူးဖော်ခွင့် လုပ်ကွက်တွေ ချထားပေးတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။