နန်စီပွန်မှော်အတွင်း မထွက်ခွာ သူတွေ ရှိနေသေးကြောင်း တိုင်းဝန်ကြီးပြော
2017.06.13

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသနဲ့ မကျန်ခမှော်လုပ်ကွက်တွေအတွင်း ကျူးကျော် ဝင်ရောက်နေတဲ့ ရေမဆေးလုပ်သားတွေကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကတဆင့် အသိပေးထားပေမယ့် အခိုင်အမာအိမ် တည်ဆောက်ထားသူတွေနဲ့ ကျောက်ပွဲစားတွေ မထွက်ခွာဘဲ ကျန်ရှိနေသေးတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြော ပါတယ်။
ကျန်ရှိနေသေးတဲ့ တရားမဝင် ရေးမဆေးကျောက်ရှာဖွေသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
"ပြန်တဲ့သူတွေကတော့ ပြန်ကုန်ပါပြီ။ နည်းနည်းခိုင်ခိုင်မာမာ အိမ်တွေဆောက်ထားတဲ့လူတို့၊ ကျနော်တို့ သတင်းအကြားအရဆိုရင် ရေမဆေးကျောက်တွေမွေးတဲ့ ကျောက်ပွဲစားခေါ်သလား အဲ့လိုလူတွေ ကတော့ နည်းမျိုးစုံနဲ့ ရှိကြဦးမှာပေါ့လေ။ ဒါတွေကလည်း ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာပါ။ ကျနော်တို့ကတော့ ဒီတိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ ဒီဥပဒေထဲကနေ မှန်မှန်ကန်ကန်နဲ့ အန္တရာယ် ကင်းအောင်ရှေ့လမ်းစဉ်ကို ချမှတ်သွားမှာပါ။"
နန်စီပွန်ဒေသအတွင်းနေထိုင်ကြတဲ့ ဒေသခံတွေကို ဒေသခံဖြစ်ကြောင်း အထောက်အထားကတ်တွေ ထုတ်ပေးဖို့ ရှိပြီး တရားမဝင် ရေမဆေးလုပ်သားတွေကိုလည်း ထွက်ခွာပေးဖို့ ထပ်မံညွှန်ကြားသွားဖို့ စီစဉ်ထားတယ်လို့ ပြော ပါတယ်။
ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က နန်စီပွန်ဒေသအတွင်းမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီပိုင်လုပ်ကွက်မှာ ရေမဆေးကျောက် ရှာသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ ရေမဆေးသမား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ရေမဆေးသမား ၃ ဦးသေဆုံးခဲ့ပါတယ်။
အဲဒီပဋိပက္ခနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး တင်ပြထားတဲ့ အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည်သုံးသပ်နေတယ်လို့လည်း ဦးမြင့်ကြည်က ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နန်စီပွန်ဒေသအတွင်း အကြမ်းဖက်မှုတွေ မဖြစ်စေရေးအတွက် စီစဉ်ဆောင် ရွက်သွားမှာဖြစ်သလို လုံခြုံရေးလိုအပ်ချက်တွေရှိလာတဲ့အခါ တပ်မတော်ကနေ အင်အားတောင်းခံပြီး လုံခြုံရေးရယူသွားမယ့် အနေအထားတွေရှိတယ်လို့လည်း ပြောပါတယ်။