နန်းမိုဟွမ်ကို မိသားစုတွေထံ ပြန်လည် အပ်နှံ


2018.10.17
nangmohom-622.jpg ၂၀၁၈၊ အောက်တိုဘာ ၁၇ ရက်နေ့က SSPP/ SSA ဌာနချုပ်မှာ ကျင်းပတဲ့ နန်းမိုဟွမ်ကို မိသားစုတွေထံကို ပြန်လည်အပ်နှံတဲ့ အခမ်းအနားမှာ တွေ့ရစဉ်
Photo: Kan Thar/ RFA

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဖမ်းဆီးထားတဲ့ နန့်ခမ်းမြို့ခံ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးလိုက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ဌာနချုပ် ဝမ်ဟိုင်းမှာ မိသားစုတွေထံကို ဒီနေ့ ပြန်လည် အပ်နှံလိုက်ပါတယ်။

နန်းမိုဟွမ်ကို SSPP ပြန်ကြားရေးတာဝန်ရှိသူတွေနဲ့ နန်းမိုဟွမ်ရဲ့ အဒေါ်ဖြစ်သူထံကို အောက်တိုဘာလ ၁၅ ရက်နေ့က ပြန်လည်အပ်နှံခဲ့တာဖြစ်ပြီး ဒီနေ့ မနက်မှာ မိသားစုဝင်တွေထံကို လွှဲပြောင်း အပ်နှံခဲ့တာဖြစ်ပါတယ်။

နန်းမိုဟွမ်ဟာ TNLA အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန် နာကျင်အောင်ဆောင်ရွက်မှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး TNLA ရဲ့ ရာဇသတ်ကြီးပုဒ်မ ၃၃၃ နဲ့ အောက်တိုဘာလ ၅ ရက်နေ့က ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံထားရတာလို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စကို "ဝ" တပ်ဖွဲ့က ဦးဆောင်တဲ့ FPNCC ရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုအပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရဲ့ မေတ္တာရပ်ခံချက်တွေအရ ရှမ်းနဲ့ တအာင်းပလောင်လူမျိုးတွေရဲ့ ရေရှည်ချစ်ကြည်ရေးကို ရှေးရှုပြီး အခုလိုလွှတ်ပေးလိုက်တာလို့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

နန်းမိုဟွမ်ဟာ နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့် ဈေးရောင်းချနေသူဖြစ်ပြီး ဖမ်းဆီးခံရချိန်က ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ သူ့ကို ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။