နန်းမိုဟွမ် လွတ်မြောက်ရေး “ဝ” ဦးဆောင်တဲ့ FPNCC အဖွဲ့ ကြိုးပမ်းမည်
2018.10.05

TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ နန်းမိုဟွမ်ရဲ့ အစ်မ အပါအဝင် နန်းမိုဟွမ် လွတ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို “ဝ” ဦးဆောင်တဲ့ ပြည်ထောင်စုနိုင် ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က UWSA ဌာနချုပ် ပန်ဆန်းကို လာရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
FPNCC အဖွဲ့က စာပို့ပြီး အခုလို ဖိတ်ကြားလိုက်တာဖြစ်ပြီး နန်မိုဟွမ် လွတ်မြောက်ရေးအတွက် ရောင်နီသန်း လာတယ်လို့ မျှော်လင့်ရကြောင်း နန်းမိုဟွမ် လွတ်မြောက်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ နမ့်ခမ်းမြို့ ရှမ်းလူငယ်ကွန်ရက် ဆက်ဆံရေးတာဝန်ခံ စိုင်းသိန်းရွှေက RFA ကို ဒီနေ့ ပြောပါတယ်။
နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ရှမ်းသံဃာတော်များအဖွဲ့၊ ထုန့်မောဝ် မြောက်ပိုင်း နယ်စပ်ဒေသ၊ နမ့်ခမ်းမြို့ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ SNDP ပါတီ၊ ရှမ်းလူငယ်ကွန်ရက်၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်း အဖွဲ့အစည်းပေါင်း ၁၁ ခု က စက်တင်ဘာလ ၂ ရက်နေ့မှာ FPNCC အဖွဲ့ကို စာရေး သားတောင်းဆိုခဲ့တာဖြစ်ပါတယ်။
FPNCC က အောက်တိုဘာ ၂ ရက်နေ့မှာ အခုလို အကြောင်းပြန်ခဲ့တာလို့ သိရပါတယ်။
အဲဒီလို FPNCC က အကြောင်းပြန်တဲ့စာထဲမှာ နန်းမိုဟွမ် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ စုံစမ်းသိရှိရတာတွေနဲ့ ပတ်သက်လို့ FPNCC အမြဲတမ်းကော်မတီအနေနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ နန်းမိုဟွမ် လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေနဲ့ TNLA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ဆန္ဒအရ နန်းမိုဟွမ်အတွက် လုံခြုံရေး အာမခံချက်ရရှိဖို့နဲ့ တရားမျှတတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် နန်မိုဟွမ်ကိစ္စ ဆွေးနွေးနေချိန်မှာ မလိုလားတဲ့ပြဿနာတွေမဖြစ်ဖို့ နန်းမိုဟွမ် လွတ်မြောက်ရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA နှစ်ဖ့ွဲလုံးက နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ တိုက်ခိုက်တာတွေ မလုပ်ကြဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
နန်မိုးဟွမ် လွတ်မြောက်ရေးဆောင်ရွက်နေတဲ့ နမ့်ခမ်း ရှမ်းလူငယ်ကွန်ရက် ဆက်ဆံရေးတာဝန်ခံ စိုင်းသိန်းရွှေ ကတော့ သူတို့အနေနဲ့ သွားရောက်ဆွေးနွေးနိုင်ဖို့ ညှိးနှိုင်းရဦးမှာဖြစ်ပြီး ဘယ်သူတွေ သွားမယ်ဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။
FPNCC အဖွဲ့ကို အစိုးရနဲ့အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေဖြစ်တဲ့ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (TNLA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ရက္ခိုင့်တပ်မတော် (AA)၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ (MNDAA) တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
နန်းမိုဟွမ်ဟာ နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး သြဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ TNLA အဖွဲ့က အမျိုးသား ၅ ဦးက သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။