နန်းမိုဟွမ် လွတ်မြောက်
2018.10.15

PSLF/TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ထောင် ၃ နှစ် ချမှတ်ထားတဲ့ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့က ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။
FPNCC ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးချက်၊ FPNCC အဖွဲ့ဝင်တွေ အချင်းချင်း ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရဲ့ မေတ္တာရပ်ခံချက်အရ ရှမ်းနဲ့ တအာင်းလူမျိုးတွေရဲ့ ရေရှည်ချစ်ကြည်ရေးကို ရှေးရှုပြီး အခုလိုလွှတ်ပေးလိုက်တာလို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုက်အိုက်ကျော်က RFA ကို ပြောပါတယ်။
နန်းမိုဟွမ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး သန်းအောင်၊ အမှတ် (၉) ခရိုင်အုပ်ချုပ်ရေးမှူး စဝ်သီဟ၊ မနန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဦးစိုင်းထွန်းလှိုင်၊ ဒေါ်နန်းမြရင်၊ စိုင်းခန်းဆိုင် တို့ထံ ပြန်လည်အပ်နံှပေးလိုက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
နန်းမိုဟွမ်ဟာ PSLF/TNLA အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန် နာကျင်စေမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး TNLA ရဲ့ ရာဇသတ်ကြီးပုဒ်မ ၃၃၃ နဲ့ အောက်တိုဘာလ ၅ ရက်နေ့က ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံထားရတာဖြစ်ပါတယ်။