နမ့်ဆန်မြို့ ကုန်းသာရွာ ပြန်လည်ထူထောင်ရေး ကူညီမယ်လို့ TNLA ပြော
2022.12.24

ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကုန်းသာရွာက အဆောက် အအုံတွေကို ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ရွာသားတွေကို ပြောခဲ့ကြောင်း ကုန်းသာဒေသခံတွေက RFA ကိုပြောပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်မနေ့က TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ ကုန်းသာရွာဒေသခံတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာ ဖြစ်ပြီး မိုင်းရှင်းလင်းတာလည်း လုပ်ဆောင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကုန်းသာရွာသားတွေကိုတော့ ဟူးမန်းကျေးရွာမှာနေပြီး ကုန်းသာရွာထဲ နေ့ခင်းဘက် အလုပ်ပြန်လာလုပ်ကြဖို့ လူကြီးတွေကပြောတယ်။ ဟူးမန်းနဲ့ ကုန်းသာရွာကနီးတော့ ညဘက်ဆို ဟူးမန်းမှာပြန်အိပ်ကြ။ နောက်ပြီးတော့ ပျက်စီးသွားတဲ့အိမ်တွေ၊ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ပြန်လည်ထူထောင်ပေးမယ်။ မြေနေရာတွေပြင်ပေးမယ်။ အဲလိုပြောသွားတယ်”
ကုန်သားရွာက စစ်ဘေးဒုက္ခသည်တွေ ၈၀ နီးပါးဟာ နမ့်ဆန်မြို့က ဇယန်းကြီး ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရပြီး အခုထိ နေရပ်မပြန်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
ကုန်းသာရွာမှာ ဒီဇင်ဘာလ ၇ ရက်ကနေ ၁၃ ရက်အထိ ငါးရက်ကြာတိုက်ပွဲအတွင်း ကုန်းသွားတစ်ရွာလုံးနီးပါး ပျက်စီးခဲ့ရပြီးနောက် TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ ဒေသခံတွေနဲ့တွေ့ဆုံခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ကုန်းသာရွာခံတွေအတွက် အိမ်အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေသလို နေရပ်ပြန်နိုင်ဖို့ အချိန် နှစ်လလောက် ကြာဦးမယ်လို့ နမ့်ဆန်မြို့မှာ စစ်ဘေးဒုက္ခသည် ကူညီနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA တို့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကုန်းသာရွာက နေအိမ် ၅၀ နီးပါးပျက်စီးခဲ့ရပြီး ဟူးမန်းရွာမှာလည်း နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို သတိပြုကြဖို့နဲ့ နေအိမ်တွေအတွင်း ဗုံးခိုကျင်းတွေ တူးကြဖို့လည်း TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက မှာခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန် ထားပါတယ်။