သာသနာရေးက အမှုဖွင့်ရင် ဥပဒေနဲ့အညီ အရေးယူမည်


2017.08.04
myochit-camp-ygn-622.jpg ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့မှာ သြဂုတ်လ ၂ ရက်နေ့က ဖွင့်ထားတဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်နဲ့ မန္တလေးမှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အမှုဖွင့်လာရင် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေက သပိတ်စခန်းတွေနဲ့ ပတ်သက် ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဘယ်လိုအရေးယူဆောင်ရွက်မလဲလို့ မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့နဲ့ မန္တလေးမြို့ ၈၄ လမ်းက သာသနာ ၂၅၀၀ ဗိမာန်တော်ဝင်းအတွင်းမှာ သြဂုတ်လ ၂ ရက်ကစပြီး သပိတ်စခန်းဖွင့်လှစ်ထားတာပါ။

အစိုးရနုတ်ထွက်ပေးဖို့ သပိတ်မှောက်ပွဲမှာ ပါဝင်တဲ့ သံဃာတော်တွေဟာ သံဃာအများစုကို ကိုယ်စားမပြုကြောင်းနဲ့  တည်ငြိမ်အေးချမ်းမှုကို မလိုလားတဲ့သူတွေက ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်အချို့ကို အသုံးချတာဖြစ်နိင်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရဟန်းတွေ လာဘ်မရအောင် ပြုလုပ်ခြင်း၊ အကျိုးမဲ့အောင် ပြုလုပ်ခြင်း၊ နေရာမရအောင်ပြုလုပ်ခြင်း၊ ဆဲရေးခြင်း ကြိမ်းမောင်းခြင်း၊ ရဟန်းသံဃာအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း စတဲ့ အကြောင်းတရား ၈ မျိုးကို ပြုလုပ်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို သံဃာတွေက ကျောင်းအတွင်းမှာသာ သပိတ်မှောက်ထိုက် ဆန္ဒပြထိုက်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လက်ရှိ သပိတ်မှောက် ကံပြုလုပ်ခံနေရတဲ့အစိုးရဟာ သာသနာကို ထောက်ပံ့လှူဒါန်းစောင့်ရှောက်နေတဲ့ အစိုးရဖြစ်ကြောင်းနဲ့ အဲဒီအချက် ၈ချက်ထဲက တခုခုကိုမှ ဖေါက်ဖျက်ခြင်း မရှိကြောင်း ပြောထားပါတယ်။

အခုလို သပိတ်မှောက်တာဟာ ပြည်သူလူထုရဲ့ ဆန္ဒမဟုတ်ကြောင်းကိုလည်း အများပြည်သူ သိရှိစေလိုကြောင်း ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။