ပုဒ်မ ၅၀၅(ခ)နဲ့ သံဃာ ၆ ပါးကို ထောင်ဒဏ်တွေချမှတ်


2017.12.27
mdy-myochit-court-622.jpg မန္တလေးမှာ အစိုးရကို ဆန္ဒပြခဲ့သူတွေကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့မှာ အစိုးရသစ် ဖြုတ်ချရေး သပိတ်မှောက်ခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားရင်ဆိုင်နေရတဲ့ သံဃာ ၆ ပါးကို ချမ်းမြသာစည်မြို့နယ်တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ၆ လ စီ အမိန့်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မန္တလေးမြို့သာသနာ ၂၅၀၀ ဗိမ္မာန်ဝင်းအတွင်း သပိတ်မှောက်ခဲ့ကြတဲ့ သံဃာတော် ၈ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အရ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သံဃာ ၈ ပါးကို ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုလုပ် တရားစွဲဆိုထားတာဖြစ်ပြီး လူပုဂ္ဂိုလ်တွေကိုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ အဲဒီအမှုတွဲထဲက ဒီနေ့ သံဃာ ၆ပါးကို အမိန့်ချတာလို့ တရားရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တရားစွဲဆိုခံရသူတွေထဲက သံဃာ ၂ ပါးနဲ့ လူ ၄ ဦးက လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသူတွေကို တရားခံပြေးမှု နဲ့ ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သံဃာ ၂ ပါးဟာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နှင်းကျဲကျေးရွာ ဓမ္မသုခကျောင်းက သံဃာတွေဖြစ်ပြီး အရပ်သား ၄ ဦးကတော့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ ဦးမြင့်ဦး၊ ဦးခင်မောင် ကြီးနဲ့ မဟာအောင်မြေ မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ချောစုဝင်း၊ ဦတင်ဇော်ကို တို့ဖြစ်ကြတယ်လို့ တရားရုံးမှတ်တမ်း မှာ ဖော်ပြထားပါတယ်။ သူတို့တွေကို သက်ဆိုင်ရာက တရားခံပြေးမှုနဲ့ ဖမ်းဝရမ်း ထုတ်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကစပြီး သာသနာ ၂၅၀၀ ဗိမ္မာန်ဝင်းအတွင်း သပိတ်စခန်းဖွင့်ခဲ့ကြသူတွေဟာ အာဏာရှင်အစိုးရ နုတ်ထွက်ပေး၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးတဲ့အစိုးရ ဖြုတ်ချရေး၊ တိုင်းပြည်အကျိုးစီးပွား ဖျက်ဆီးနေတဲ့ အစိုးရဖြုတ်ချရေး၊ အမျိုးသားလုံခြုံရေးကို အကာအကွယ်မပေးတဲ့ အစိုးရဖြုတ်ချရေး စတာတွေကို ၃ ရက်ကြာ တောင်းဆိုခဲ့ကြပြီး သြဂုတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သံဃာ ၆ ပါးအမှုက ရုံးချိန်း ၁၉ ချိန်းမှာ တရားလိုပြသက်သေ ၉ ဦး နဲ့ တရားခံ ၆ ဦးကို စစ်ဆေးခဲ့ကာ အချိန်ကာလ ၄ လ နီးပါးကြာမြင့်ခဲ့ပြီး ဒီနေ့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။