၀ရမ်းထုတ်ခံထားရသူ ၆ ဦးကို ဖမ်းပေးဖို့ တရားရုံးအမိန့်ချ


2017.08.23
kyawswarlin-622.jpg ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းကို သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/ RFA

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရဖြုတ်ချရေး သပိတ်မှောက်ရာမှာ ပါဝင်ခဲ့တဲ့ သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးကို လာမယ့် သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဖမ်းဆီးပေးဖို့ မန္တလေးမြို့ ချမ်းမြသာစည်တရားရုံးက ဒီကနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ သံဃာ ၆ပါးနဲ့ ဦးကျော်မျိုးရွှေ ဆိုသူကို ဒီနေ့ တရားရုံးထုတ်ပြီးနောက် ကျန်တဲ့ သံဃာ ၂ ပါးနဲ့ လူ ၄ ဦးကို ဖမ်းဝရမ်းသက်တမ်း တိုးပေးခဲ့တာဖြစ်တယ်လို့ ချမ်းမြ သာစည်မြို့နယ် တရားရုံး သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်း က ပြောပါတယ်။

"ရုံးရှေ့ကို မရောက်ရှိတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ရာဇဝတ်အထွေထွေ ဖွင့်လှစ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က မန္တလေးမြို့သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သပိတ်မှောက်ခဲ့ကြတဲ့ သံဃာတော် ၈ ပါးကို ခရိုင်သာသနာရေးဦးစီးမှူးက တရားစွဲဆိုတာဖြစ်ပြီး လူပုဂ္ဂိုလ် ၅ ဦးကို ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက စွဲဆိုတာဖြစ်ပါတယ်။

ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ သံဃာ ၂ ပါးဟာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နှင်းကျဲကျေးရွာ ဓမ္မသုခကျောင်းက သံဃာတွေဖြစ်ကြပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ ဦးမြင့်ဦး၊ ဦးခင်မောင်ကြီးနဲ့ မဟာအောင်မြေ မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ချောစုဝင်း၊ ဦတင်ဇော်ကို တို့ကို ဖမ်းဝရမ်းထုတ်ထားဖြစ်တယ်လို့ တရားရုံးမှတ်တမ်းအရ သိရပါတယ်။

သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း သပိတ်စခန်းဖွင့်ခဲ့ကြသူတွေဟာ အစိုးရကို နုတ်ထွက်ပေးဖို့၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးတဲ့အစိုးရ ဖြုတ်ချပေးဖို့၊ တိုင်းပြည် အကျိုးစီးပွားဖျက်ဆီးနေတဲ့ အစိုးရ ဖြုတ်ချပေးဖို့၊ အမျိုးသားလုံခြုံရေးကို အကာအကွယ်မပေးတဲ့ အစိုးရကို ဖြုတ်ချပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြတာဖြစ် ပါတယ်။ သြဂုတ်လ ၂ ရက်နေ့မှာ စခဲ့တဲ့ အဲဒီသပိတ်ကို ၃ ရက်အကြာ သြဂုတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြိုခွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။