မြစ်ဆုံကိစ္စကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး မပျက်နိုင်ကြောင်း သမ္မတ အကြံပေးပြော
2011.10.10

Photo: Colegota/Wikipedia
မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ဟာ တရုတ် ဒုတိယ သမ္မတ ဇီကျန်းပင်နဲ့ တွေ့ဆုံပြီး မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းမှု အတွက် တရုတ်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်လို့ အလေးထား ပြောဆိုခဲ့ကြောင်း၊ စီမံကိန်းနဲ့ ပတ်သက်လို့ နှစ်ဖက် ဆောင်ရွက်သွားမယ့် နည်းလမ်းနဲ့ နှစ်နိုင်ငံအကျိုးတူ ဆက်လက် အကောင်အထည် ဖော်သွားမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ဒါပေမယ့် မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းမှုနဲ့ ပတ်သက်လို့ တရုတ်နဲ့ မြန်မာ အစိုးရကြားမှာ ပြေလည်မှု ရရှိအောင် ဘယ်လို ဆွေးနွေး ညှိုနှိုင်းခဲ့ကြသလဲ ဆိုတာ အသေးစိတ် မသိရပါဘူး။
သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ခေါင်းဆောင် ဦးကိုကိုလှိုင် ကတော့ မြစ်ဆုံစီမံကိန်း ရပ်တံ့မှုကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ကြီးမားတဲ့ ပြဿနာ ပေါ်ပေါက်လာဖွယ် မရှိဘူးလို့ သုံးသပ်ပါတယ်။
"ဒီကိစ္စဟာ ကြားထဲမှာ အဖုအထစ်လေးတစ်ခု ဖြစ်သော်ငြားလည်းဘဲ တလျှောက်လုံး ရှိလာတဲ့ ချစ်ကြည်ရင်းနှီးမှုကို ထောက်ရှုပြီးတော့ ကြည့်မယ်ဆိုရင်ရော၊ ကျန်တဲ့ မဟာဗျူဟာ အကျိုးစီးပွားကို ထောက်ပြီး ကြည့်မယ်ဆိုရင်ရော၊ သိပ်ပြီးတော့ ကြီးမားမယ့် ပြသနာ ဖြစ်လိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။"
သမ္မတဦးသိန်းစိန်ရဲ့ အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်လိုက်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦဝဏ္ဏမောင်လွင်ဟာ တရုတ် နိုင်ငံရဲ့ သမ္မတ ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံနေရတဲ့ ဒုတိယ သမ္မတ မစ္စတာ ဇီကျန်းပင်နဲ့ အပြင်
နိုင်ငံခြားရေး ဝန်ကြီး ရန်ကျဲချိနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း မကြာခင် တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိသလို၊ သမ္မတ ဦးသိန်းစိန်လည်း ရှေ့သီတင်းပတ် အိန္ဒိယနိုင်ငံကို သွားရောက် အပြီးမှာ တရုတ်နိုင်ငံကို ခရီးသွားဖို့ ရှိတယ်လို့ နေပြည်တော် သမ္မတရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းမှု နောက်ပိုင်း တရုတ်-မြန်မာ ခေါင်းဆောင်တွေ အကြား ဆက်ဆံရေး နဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ခေါင်းဆောင် ဦးကိုကိုလှိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |