မြစ်ကြီးနားထောင်မှာ အကျဉ်းသား ထက်ဝက်ကျော်များနေကြောင်း တွေ့ရှိ
2016.03.29
ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ သတ်မှတ်ထားတဲ့ အကျဉ်းသား အရေအတွက်ထက် ထောင်ထဲ မှာရှိတဲ့ အကျဉ်းသားအရေအတွက်က ထက်ဝက်ကျော်လောက် ပိုများနေတာ တွေ့ရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ဒီနေ့ မြစ်ကြီးနားအကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ အကျဉ်းသားတွေ များနေတဲ့အတွက် သူတို့နေထိုင် ရတဲ့အခက်အခဲတွေကို တွေ့ခဲ့ရတယ် လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ပြောပါတယ်။
"လက်ခံနိုင်တဲ့အရေအတွက်ထက် ပိုများနေတဲ့ အကျဉ်းသားတွေကို တွေ့ရတာတစ်ခုပဲ၊ အဲ့ဒါမျိုးတွေ ပဲ တွေ့ရတာများတယ်၊ တစ်ထောင်လောက်ပဲဝင် ဆန့်ပေမယ့် နှစ်ထောင်လောက်ရှိတာတွေ့ရတယ်၊ ဒါပေမဲ့ သူတို့ကဒီနယ်မှာ ထောင်ကတစ်ခုပဲရှိတယ်လေ၊ မိုးညှင်းမှာထောင်ဆောက်နေတုန်း၊ အဲ့ထောင် ပြီးသွားရင် ဟိုဘက်အကျဉ်းသားတွေက ဒီဘက်ထောင်ကိုမလာတော့ဘူးဆိုတော့ လျော့သွားနိုင် တာပေါ့"
ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းကျခံနေရသူတွေများပြီး သူတို့တွေရဲ့အမှုဟာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတာတွေရှိတာမို့ အခုလိုအကျဉ်းသား အရေအတွက် များနေရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အကျဉ်းထောင်တွေ ကို သွားရောက်စစ်ဆေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးအကျဉ်းထောင်၊ ရှမ်းပြည်နယ်က လားရှိုးအကျဉ်းထောင်တွေ ကို စစ်ဆေးခဲ့ပြီး မြန်မာတစ်ပြည်လုံးက အကျဉ်းထောင်တွေကို စစ်ဆေးလို့ပြီးရင် ၂၀၁၆ ခုနှစ်အတွက် အကျဉ်းထောင် စစ်ဆေးခဲ့မှုအခြေအနေတွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ရှိပါတယ်။