ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ ကျင်းပ
2018.05.28

မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းစေဖို့ ရည်ရွယ်ချက်နဲ့ ကက်သလစ်ဘာသာဝင် ခန့်မှန်း ၅ ထောင်လောက်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ မယ်တော်ထမ်းစင်နဲ့အတူ စိပ်ပုတီးစိပ်ပြီး လှည့်လည်ဆုတောင်းခဲ့ကြပါတယ်။
လူမျိုးဘာသာအားလုံး စုပေါင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့ ဘာသာရေးရှုထောင့်ကနေ ဆုတောင်းကြ တာဖြစ်တယ်လို့ ဆုတောင်းပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးပေါလ်တူးရော် က ပြောပါတယ်။
"အမိမြန်မာနိုင်ငံတော်ကြီးနဲ့အတူတကွ ကချင်ပြည်နယ်ကြီး အမြန်ဆုံး ငြိမ်းချမ်းလာပါစေဆိုပြီးမှ မယ်တော်ကို အားကိုးပြီးမှ ဆုတောင်းစိပ်ပုတီး စိပ်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ နိုင်ငံ့ခေါင်းဆောင်ကြီးများနဲ့အတူတကွ နိုင်ငံကို ဦးဆောင်ဦးရွက်နေကြတဲ့ လူကြီးများအားလုံးအတွက်ရော၊ လူသားများအားလုံးအတွက်ရော မေတ္တာပို့ စိပ်ပုတီးစိပ် ဆုတောင်းခြင်းအစီအစဉ်ပဲဖြစ်ပါတယ်။ အားလုံးကျန်းမာ၊ ချမ်းသာစွာဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းကို ဦးစီးဦးဆောင်နိုင်ပါစေ။ ပြီးရင်တော့ သက်ရှိသက်မဲ့ သတ္တဝါအားလုံးလည်း ငြိမ်းချမ်းကြပါစေလို့။ ဒီငြိမ်းချမ်းခြင်း အတွက်ပဲ အထူးမေတ္တာပို့ ဆုတောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်"
ငြိမ်းချမ်းရေးအတွက် ရဲရင့်သောပုဂ္ဂိုလ်များဖြစ်လာကြပါစေ စတဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီးလှည့်လည်ကြတဲ့ အဲဒီဆုတောင်းပွဲကို စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ကချင်ပြည်နယ်မှာ ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ ၇ နှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် လမ်း၊ တံတားတွေ ဖျက်ဆီးခံရတာတွေအပြင် ရှမ်း၊ ကချင်၊ ဗမာ စတဲ့ ဒေသခံ တိုင်းရင်းသားတွေ ဟာ စစ်ဘေးဒဏ်ကို ခံစားနေရတာဖြစ်ပြီး ခန့်မှန်း လူဦးရေ ၁ သိန်းလောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။