မြစ်ကြီးနား ရေကြီးမှု စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲ

RFA Burmese
2024.07.01
မြစ်ကြီးနား ရေကြီးမှု စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲ မြစ်ကြီးနားမြို့တွင် ‌ရေကြီးနေမှုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ ဧရာ၀တီမြစ်ရေဟာ ဇူလိုင်လ ၂ ရက် ဒီနေ့မှာလည်း စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေပြီး ရေးကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေလည်း ဒီနေ့အထိ ရှိနေသေးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ဇူလိုင်လ ၁ ရက် မနေ့ညကစလို့ မြစ်ရေတဖြည်းဖြည်း ပြန်ကျနေပေမယ့် ရေဘေးကြားပိတ်မိနေသူတွေကို ဒီနေ့မနက်မှာလည်း ဆက်လက်ကယ်ထုတ်ပေးနေရတယ်လို့ မြစ်ကြီးနားမြို့က ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလောလောဆယ်တော့ ကျနေတယ်။ တချို့တစ်ဝက်ကလည်း ဖုန်းတွေတော့ ဆက်နေတုန်းပဲ ကယ်ထုတ်ပေးဖို့အတွက်။ ရေဘေးဒုက္ခသည်တွေက လောလောဆယ်တော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေနေကြတယ်။ သူတို့အတွက်တော့ အစားအသောက်အကူအညီ တွေလိုအပ်နေတယ်။ မိုးကတော့ ဆက်တိုက်ရွာနေဆဲပဲ။ အခုလည်း စီတာပူဘက်မှာတွေက ကယ်ထုတ်ပေးဖို့ ဖုန်းတွေတောက်လျှောက် ဆက်နေတယ်”

ဧရာ၀တီမြစ်ရေဟာ ဒီနေ့မနက် ၇ နာရီခွဲ အချိန်အထိ စိုးရိမ်ရေမှတ်အထက် လေးပေးအကျော်မှာ ဆက်ရှိနေပြီး တစ်နာရီကို ၄ လက်မ နှုန်းနဲ့ ရေပြန်ကျနေတယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ဦးစီးအရာရှိ နိုင်လင်းထွေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဇူလိုင်လ ၁ ရက် မနေ့ကည ၉ နာရီခွဲအချိန်အထိ ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ခြောက်ပေအကျော်မှာ ရှိခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမှာ မြစ်ရေကျနေပြီဖြစ်ပေမယ့် ဧရာဝတီအောက်ပိုင်းက ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ စစ်ကိုင်း၊ မန္တလေး အထိ အနိမ့်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေ ကြိုတင်ပြောင်းရွှေ့ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီးအရာရှိက အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင် ၂ ရက်နေ့ထုတ် သတင်းစာမှာတော့ မြစ်ကြီးနားမြို့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရေဘေးဒုက္ခသည်စခန်း သုံးဆယ်အထိ ဖွင့်လှစ်ထားပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဧရာဝတီမြစ်၊ မေခမြစ်နဲ့ ချောင်းတချို့ ရေကြီးရေလျှံတာကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်း၊ ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က အနိမ့်ပိုင်းရပ်ကွက်တွေက လူတစ်သောင်းထက်မနည်း ရေဘေးကြုံနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။