တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ မြစ်ကြီးနား မှာ ဆန္ဒပြ
2016.10.22

တိုက်ပွဲတွေရပ်ဆိုင်းပြီး ပြည်ထောင်စုတဝှမ်းလုံးငြိမ်းချမ်းဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ထောင်နဲ့ချီတဲ့ ဒေသ ခံတွေက ဒီကနေ့ စုပေါင်းဆန္ဒပြပြီး တောင်းဆိုကြ ပါတယ်။
ပြည်သူတွေဒုက္ခရောက်နေတဲ့အတွက် အစိုးရတပ်မတော်နဲ့ ကေအိုင်အေ နှစ်ဘက်လုံးက စစ်ပွဲတွေ ရပ်ဆိုင်းပေး ကြဖို့ တောင်းဆိုတာဖြစ်တယ် လို့ မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်က ဦးဇုန်းယော် က ပြောပါတယ်။
"အပစ်အခတ်ရပ်စဲရေးပေါ့နော်၊ ပြည်သူတွေလည်း ဒုက္ခရောက်တာပေါ့နော်၊ ဒါကြောင့် ကျနော်တို့ ဒီစစ်တိုက်တာကို ရပ်စေချင်လို့၊ ပြည်သူတွေလည်း ထွက်ပြေးနေရလို့ နှစ်ဖက်လုံးရပ်ပေးဖို့ တောင်းဆို တာပါ"
ဆန္ဒပြသူတွေက စီတာပူရပ်ကွက် မနောကွင်းကနေ မြစ်ကြီးနားမြို့ ရပ်ကွက်တချို့ကို လှည့်လည်ပြီး "ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံး ငြိမ်းချမ်းပါစေ၊ စစ်ပွဲများအလိုမရှိ ငြိမ်းချမ်းရေးကိုသာ အလိုရှိသည်" စတဲ့ ပိုစတာတွေကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
လူမျိုး နဲ့ ဘာသာပေါင်းစုံ လို့ခေါင်းစဉ်တပ်ထားတဲ့ ဒီကနေ့ ဆန္ဒပြပွဲကို ဒေသခံတိုင်းရင်းသားတွေနဲ့ အတူ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်တချို့နဲ့ တရုတ်လူမျိုး တချို့လည်း ပါဝင်ခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နဲ့ ၆ ရက်နေ့တွေကလည်း စစ်ပွဲတွေရပ်ဆိုင်းဖို့ ကချင်တိုင်းရင်း သားတွေ စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။