ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ပွဲတွေ မြို့ကြီးအချို့မှာ ကျင်းပ
2017.02.04

စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု လမ်းလျှောက်ပွဲတွေကို ရန်ကုန်၊ မော်လမြိုင်၊ ပြည်နဲ့ လွိုင်ကော်မြို့တွေမှာ ဒီနေ့ ပြုလုပ်ကြပါတယ်။
ရန်ကုန်မြို့မှာဆိုရင် ဗိုလ်စိန်မှန်ကွင်းကနေ စတင်လမ်းလျှောက်သူတွေနဲ့ မြေနီကုန်းကနေ လမ်းလျှောက်သူတွေ ဟာ ဆူးလေမြို့တော်ခန်းမရှေ့မှာ ဆုံရပ်အနေနဲ့ စုဝေးရောက်ရှိကြတာ ဖြစ်ပါတယ်။
အဲဒီတောင်းဆိုပွဲမှာ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ ပေးပို့ခွင့် ရရှိရေး၊ စစ်အသုံးစရိတ် လျှော့ချရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲကြောင်း တပ်မတော်ကစတင်ကြေညာရေး တို့ကို တောင်းဆိုကြပါတယ်။
မွန်ပြည်နယ် ၁၀ မြို့နယ်မှာလည်း မွန်၊ ကရင်၊ ပအို့ဝ်၊ ဗမာ စတဲ့ တိုင်းရင်းသား တစ်ထောင်ကျော်က ငြိမ်းချမ်းရေး လိုချင်ကြောင်း ချီတက်တောင်းဆိုခဲ့ပါတယ်။
ပြည်တွင်းစစ်ပွဲတွေရပ်တန့်ဖို့ ဆုတောင်းပွဲကို တအာင်း အမျိုးသမီးအဖွဲ့နဲ့တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့တို့ ပူးပေါင်းပြီး လားရှိုးမြို့ နဂါးရုံဘုရားမှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။
ဆုတောင်းပွဲကို တအာင်းအမျိုးသမီးအဖွဲ့၊ တအာင်းကျောင်းသားနဲ့လူငယ်အဖွဲ့အပြင် လားရှိုးမြို့နယ် အတွင်း ကျေးရွာတချို့က ပရဟိတ လူငယ်တွေအပါအဝင် လူဦးရေ တစ်ရာဝန်းကျင်လောက် တက်ရောက်ခဲ့ပါတယ်။