မသန်စွမ်းသူတွေ စုပေါင်းပြီး ၁၃ ရက်ကြာ ငြိမ်းချမ်းရေးတောင်း ဆိုပွဲ ပြုလုပ်မည်
2017.02.04

ငြိမ်းချမ်းရေးအတွက် ရန်ကုန် မျက်မမြင်ကျောင်းက မသန်စွမ်းတွေ ဦးဆောင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား ကနေ နေပြည်တော်အထိ ဘီးတပ်ကုလားထိုင်တွေနဲ့ ၁၃ ရက်ကြာ ချီတက်တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။
တိုင်းပြည်မှာ ငြိမ်းချမ်းရေးလိုအပ်နေတဲ့အတွက် တတ်နိုင်တဲ့နေရာကနေ ပါဝင်တောင်းဆိုတာလို့ ရန်ကုန် မျက်မမြင်ကျောင်း အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသန်းလွင် က ပြောပါတယ်။
"တိုင်းပြည်က ငြိမ်းချမ်းရေးလိုနေတဲ့ တိုင်းပြည်ဆိုတာ လူတိုင်းသိတယ်။ အဲတော့ အဲ့ဒါမှာ ကိုယ်လည်း ဘာတတ်နိုင်လဲ ကိုယ့်အိုင်ဒီယာလေးတစ်ခုနဲ့ လုပ်တာပါ။ တစ်ခြားသူတွေလည်း လုပ်ကြပါတယ်၊ ကျနော် လုပ်တတ်တာကဒါပဲ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ အုတ်တစ်ချပ် သဲတစ်ပွင့် တတပ်တအားပါဝင်တဲ့ သဘောပဲ"
မြစ်ကြီးနားမြို့ကနေ နေပြည်တော်အထိ ၁၃ ရက်ကြာ ချီတက်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြစ်ကြီးနားက စတင်ထွက်ခွာစဉ်မှာ ရန်ကုန်မျက်မမြင်ကျောင်းဦးဆောင်မှုနဲ့ မသန်စွမ်းသူ ၅၀ လောက် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားကနေ နေပြည်တော်အထိ မြို့ပေါင်း ၁၃ မြို့ကို ဖြတ်သန်းမှာဖြစ်ပြီး မြို့တစ်မြို့ရောက် တိုင်း ညအိပ်ရပ်နားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။