အပစ်ခတ်အမြန်ရပ်ဖို့ EU သံအမတ်ကြီးတွေ တောင်းဆို
2018.05.16
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်ဒေသတချို့မှာ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အပြန်အလှန် ရင်ဆိုင်တိုက်ခိုက်တာတွေ အမြန်ရပ်နားကြဖို့ NCA တရားဝင် အသိသက်သေတွေဖြစ်ကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စား လှယ်တွေနဲ့ သံအမတ်ကြီးတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ လက်နက်ကိုင် စစ်မက်ဖြစ်ပွားနေတာတွေ တစတစ အရှိန်မြင့်တက်လာနေတဲ့အတွက် အရပ်သားတစ်သောင်းကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေရကြောင်း၊ ပဋိပက္ခဖြစ် ပွားရာ နယ်မြေဒေသမှာရှိတဲ့ ဒေသခံ ရပ်ရွာလူထု အသိုင်းအဝိုင်းရဲ့ အခြေအနေဟာ အလွန်စိုးရိမ်ဖွယ် ရာဖြစ်နေကြောင်း၊ ဒေသခံတွေအနေနဲ့ အသက်အိုးအိမ် ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းတွေပါ ဆုံးရှုံးနေရကြောင်း၊ တိုက်ပွဲတွေမှာ တိုက်ခိုက်ရေး အင်အားအလွန်အမင်း သုံးစွဲခြင်း၊ အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးနိုင်ဖို့ အတားအဆီးတွေ များလွန်းနေခြင်း၊ လူသားချင်းစာနာမှု အကူညီ အငြင်းပယ်ခံရခြင်းစတဲ့ သတင်းတွေ ကြားသိနေရတဲ့အတွက် စိုးရိမ်ကြောင်းလည်း ဒီကနေ့ ထုတ်ပြန်တဲ့ EU သံအမတ်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရပ်ဖက်လူထုကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံး စစ်မက်ဖြစ်ပွားမှုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့လိုအပ်ကြောင်း၊ လူသားချင်း စာနာမှုအကူ အညီတွေ နှောင့်နှေး ကြန့်ကြာခြင်းမရှိ၊ လွတ်လပ်စွာခွင့်ပြု ပေးဖို့လိုပြီး နိုင်ငံတကာ လူသားချင်းစာနာမှု အကူညီပေးရေး ဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့လိုကြောင်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကို ကာကွယ်စောင့်ရှောက် ဖို့လိုပြီး စစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ တရားစွဲ ဆိုတာ၊ ပြစ်ဒဏ်ချမှတ်တာတွေ မပြုလုပ်သင့်ကြောင်းလည်း ဒီကနေ့ ကြေညာချက်မှာ ရေးသားတိုက်တွန်းထား ပါတယ်။