မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ
2012.09.15

အဲဒီဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဆုံဆည်ကို စစ်အစိုးရက ပြည်သူလူထုဆန္ဒတွေကို မတောင်းခံ၊ အသိမပေးဘဲ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြ ပြောဆိုခဲ့ပါတယ်။
"ပြည်ထောင်စုသားအားလုံးနဲ့ ဆိုင်တယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်လာတာ။ နောက်တခုက ဒါ ကျွန်တော်တို့အားလုံးရဲ့အမေဖြစ်တယ်။ ပြည်သူ့သဘာထားဆန္ဒ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ကျွန်တော်ဒီပွဲမှာ ပြောချင်တယ်။ အရင်တုန်းက စစ်အစိုးရလက်ထက်က ထင်ရာဆိုင်းခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာတွေ၊ စာချုပ်တွေဟာ အများပြည်သူ သဘောမတူတဲ့ ကိစ္စဖြစ်နေတယ်။ ကျွန်တော်တို့ ပြည်သူတွေလက်မခံရင် ဘာမှလုပ်လို့ မရဘူးဆိုတာတော့ အဲတာ ခေတ် အဆက်ဆက် အစိုးရအဆက်ဆက်ကသိမယ်။ ကျွန်တော်တို့ ပြည်သူတွေ ငြင်းပယ်တယ်ဆိုရင် ကြက်ဆူပင်တောင် စိုက်လို့မရဘူး။ ခင်ဗျား ဒီ ပေရာနဲ့ချီတဲ့ ရေကာတာ စီမံကိန်း စိတ်ကူးမယဉ်ပါနဲ့လို့ ကျွန်တော်ပြောချင်တယ်"
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူကလည်း မြစ်ဆုံဆည်ပြဿနာ မပြီးပြတ်သေးဘူး ဆိုတဲ့အကြောင်း အလေးထား ပြောဆိုခဲ့ပါတယ်။
"ဒီမြစ်ဆုံကိစ္စဟာ မပြီးသေးဘူး။ စဉ်းစားတဲ့နေရာမှာ ပြည်သူတွေက စဉ်းစားပြီးတော့ သက်ဆိုင်ရာ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီး အဖြေထုတ်ဖို့လိုတယ်။ နို့မို့ဆိုရင် ဒါကြီးက ကြာလေရောဂါရင့်လာလေ။ ပြဿနာရှင်းဖို့ ခက်လေဖြစ်မယ်ဆိုတဲ့ Message လေးကို ကျွန်တော်အဓိက ပေးတာပါ။ တရုတ်ပြည်ရော၊ ဗမာပြည်ရော ချစ်ကြည်စွာနဲ့ နားလည်မှု ရှိစွာနဲ့ ကျွန်တော်တို့ သဘောတူရပ်လိုက်တယ်ဆိုတဲ့ ရွေးချယ်မှုနည်းလမ်းကို သွားစေချင်တယ်။ အဲလိုသွားဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်တဲ့နည်းလမ်း တတပ်တအားပေါ့၊ ကျွန်တော့် ပုဂ္ဂလိကအနေနဲ့ တတပ်တအား လုပ်နိုင်တဲ့ကိစ္စက အခုလို ဥပဒေပြုရေး ကိစ္စတွေထဲမှာ ကျွန်တော်ပြောနေတဲ့ ဒီ precautionary principle ကြိုတင်ထည့်သွင်းစဉ်းစားပြီးတော့ ကာကွယ်တဲ့ မူဝါဒကို ဥပဒေအကြောင်းအရာထဲမှာ ထည့်သွင်းဖို့တွေ၊ ဒါတွေ ကျွန်တော်တို့ အကြံပေး ဆွေးနွေးနေတယ်"
ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲကို လူအင်အား ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေဖြစ်ကြတဲ့ ဒေါက်တာဦးထွန်းလွင်၊ ဒေါက်တာဒေါ်ခင်နီနီသိန်း၊ ဦးဝင်းမျိုးသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတွံတေး ဆရာတော် ဦးဝါယမ၊ စာရေးဆရာ ကိုတာ၊ ဦးညိုမောင်နဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဟောပြောဆွေးနွေးခဲ့ကြပြီး သစ်တောပညာရှင် ဦးအုန်းလည်း သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပါတယ်။
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မနက်ဖြန်မှာတော့ ဖားကန့်ဒေသ ငြိမ်းချမ်းရေး ခရီးစဉ်ကို စတင်မယ်လို့ သိရပါတယ်။