PDF တပ်ဖွဲ့ဝင်လေးဦးကို စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်
2023.03.02

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ACID Army People Defence Force) တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်တွေက ခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင်က RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြင်းမူမြို့နယ် ညောင်ပင်ကန်ရွာအနီးမှာ မိုင်းထောင်ဖို့ကြိုးစားနေတဲ့ ရဲဘော်နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရတာလို့ ပြောပါတယ်။ မြင်းမူမြို့နယ် ကန်တော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့နောက်ပြီး ကျည်မလုံလောက်တာကြောင့် PDF တပ်တွေ ပြန်ဆုတ်ခွာချိန်မှာ သူတို့နှစ်ဦးကို သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။
အသတ်ခံရသူတွေဟာ အသက် ၁၅ နှစ်အရွယ် ကိုလမင်းစိန်(ခေါ်) ဖိုးစိန်နဲ့ အသက် ၁၇ နှစ်အရွယ် ဖိုးကဲတို့ ဖြစ်ပြီး သေနတ်ဒဏ်ရာမရှိဘဲ အရှင်လတ်လတ် ခေါင်းဖြတ်သတ်သွားတာလို့ ပြောပါတယ်။
"သူတို့စစ်ကြောင်းလာလို့ မိုင်းသွားထောင်နေတဲ့အချိန်မှာ အဖမ်းခံခဲ့ရတာ၊ ကျနော်တို့သိရတာက ၂၇ ရက်နေ့ မနက်ခင်းပိုင်းမှာ ပြန်တွေ့ခဲ့ရတယ်။ ရုပ်အလောင်းတွေကို ကျနော်တို့ ယူဆချက်အရဆိုရင် သူတို့ကို အရှင်လတ်လတ် ခေါင်းဖြတ်သတ်သွားတဲ့ ပုံစံမျိုးတွေပါဗျ"
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကြောင်းဝင်လာတာကြောင့် ကျေးရွာမှာ ဒေသခံတစ်ဦးမှ မရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကန်တော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆားတောင်မိုးကြိုး အဖွဲ့ခေါင်းဆောင်က RFA ကိုပြောပါတယ်။
ကျည်အင်အားမလုံလောက်တာကြောင့် ပြန်ဆုတ်ခဲ့ရပြီး ရုပ်အလောင်း မကောက်ခဲ့နိုင်ခဲ့ဘဲ နောက်တစ်နေ့မနက် တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ပြန်သွားချိန်မှာ သူတို့နှစ်ဦးကို ခေါင်းဖြတ်ထားတာ တွေ့ခဲ့ရတာလို့ ပြောပါတယ်။ ခေါင်းဖြတ်ပြီး ရွာတွင်းက အိမ်ခြံစည်းရိုးတိုင်တွေ၊ ကွပ်ပျစ်ပေါ်တွေမှာ ချိတ်ထားခဲ့တယ်လို့ ပြောပါတယ်။
ကန်တော်ကျေးရွာက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့် ရှိသူ ဦးအေးလှိုင်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၁ ရက် မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာက အရပ်သား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မတ်လ ၂ ရက်နေ့မနက်ပိုင်းမှာတော့ မူးမြစ်ဝတစ်ဖက်ကမ်းက မြင်းမူမြို့နယ် ညောင်ရင်းရွာအနီးမှာ အလောင်း ၁၄ လောင်း တွေ့ခဲ့ရပါတယ်။