မြင်းခြံ ရွာရှည်ရွာမှာ အရပ်သား ငါးဦးသတ်ဖြတ်ခံရ၊ ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ

RFA Burmese
2024.05.17
မြင်းခြံ ရွာရှည်ရွာမှာ အရပ်သား ငါးဦးသတ်ဖြတ်ခံရ၊ ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
မင်းစစ်နိုင်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ရွာရှည်ရွာမှာ အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေက စီးနင်းဝင်ရောက်ခဲ့ပြီး အရပ်သား ငါးဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မြင်းခြံမြို့နယ်ထဲမှာပဲ ရွာတွေကို ဆက်ပြီး စီးနင်းနေတာကြောင့် မေလ ၁၇ ရက် ဒီကနေ့အထိ ရွာဆယ်ရွာက ဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မြင်းခြံ ဒေသခံတွေက ပြောပါတယ်။

ရွာရှည်ရွာက သေဆုံးခဲ့သူတွေကတော့ အသက် ၅၅ နှစ်အရွယ် ဦးမြင့်မောင်၊ အသက် ၇၀ အရွယ် ဒေါ်သန်းမြိုင်နဲ့ ဒေါ်မြသွယ်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ဘောကြီး၊ အသက် ၄၅ နှစ်အရွယ် ဦးမင်းနိုင်တို့ဖြစ်ပြီး သူတို့ဟာ ရွာရှည်ရွာကို စစ်ကောင်စီပူးပေါင်းတပ်တွေ ဝင်လာချိန် ဖမ်းဆီးခံလိုက်ရတာပါ။

ဒီအပြင် ရွာရှည်ရွာက အရပ်သား ခုနစ်ဦးလည်း ပျောက်ဆုံးနေပြီး မိသားစုတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ ရွာရှည်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်စခန်းတွေမှာလည်း မရှိဘူး၊ မိသားစုနဲ့လည်း အဆက်အသွယ်မရတဲ့ ခုနစ်ဦး ကျန်သေးတယ်။ ဖုန်းတွေလည်း စက်ပိတ်ထားတော့ သူတို့ဘယ်မှာ အသတ်ခံလိုက်ရပြီလဲတော့ မသိဘူး”

ရွာရှည်ရွာမှာ နေအိမ်သုံးရာကျော်ရှိတဲ့အနက် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းပဲ ကျန်တော့ပြီး တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီကတော့ ရွာရှည်ရွာကို မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်တာမရှိကြောင်းနဲ့ ရွာရှည်ရွာအနီးမှာ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပဲရှိတယ်လို့ မေလ ၁၇ ရက် ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာကတစ်ဆင့် ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲမှာ PDF က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ မီးလောင်တာလို့လည်း စစ်ကောင်စီဘက်က စွပ်စွဲပါတယ်။

မြင်းခြံအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရွာရှည်ရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေကို အားပေးထောက်ခံတဲ့ ရွာဖြစ်တာကြောင့် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာလို့ ပြောပါတယ်။

တိုက်ပွဲအောင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြိုဆိုတာ၊ ရွာရှည်ရွာကို ကာလရှည်အမြင်မကြည်မှုတွေဖြစ်တာနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများပြားတာကြောင့် အခုလို ပစ်မှတ်ထားတိုက်ခိုက်ခံရတာလို့ မြင်းခြံ Black Tiger အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မေလ ၁၆ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅,၀၉၂ ဦး အထိရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။