နယ်စပ်ကုန်သွယ်ရေးတန်ဖိုး ၆၀ ရာခိုင်နှုန်းနီးပါး စစ်ကောင်စီဆုံးရှုံး
2024.04.13

အာဏာသိမ်းစစ်ကောင်စီဟာ ကရင်ပြည်နယ် မြဝတီမြို့အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုကို လက်လွှတ်လိုက်ရပြီးနောက် နယ်စပ်ကုန်သွယ်ရေးတန်ဖိုးစုစုပေါင်းရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသွားတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိတဲ့အထဲမှာ ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စခန်း ၁၁ ခုထဲမှာ သုံးခုကတော့ ကုန်သွယ်ရေး ရပ်ဆိုင်းနေပါတယ်။ ကျန်တဲ့နယ်စပ်ကုန်သွယ်ရေး စခန်းရှစ်ခုရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှု တန်ဖိုးပမာဏရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိတယ်လို့လည်း ISP က ဆိုပါတယ်။
အာဏာသိမ်း သုံးနှစ်တာကာလအတွင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း ၂၄ ဘီလီယံကျော်ရှိတဲ့အထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ စခန်း ခြောက်ခုက ၁၄ ဘီလီယံကျော်ရှိပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကုန်သွယ်ရေးစခန်း ရှစ်ခုကတော့ ၁၀ ဘီလီယံနီးပါးသာ ရှိတယ်လို့ ISP အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ငါးလအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်း ငါးခုမှာ ကုန်သွယ်မှုတွေ ရပ်ဆိုင်းခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံကျော်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီအထဲမှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်စခန်းက ဆုံးရှုံးမှုအများဆုံးဖြစ်ပါတယ်။
အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်မှာ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုထဲက နေ့စဉ်ကုန်သွယ်မှုဟာ ၂၃ သန်းကျော်ရှိပြီး အဲဒီထဲမှာ တနင်္သာရီတိုင်း ထားဝယ်နယ်စပ်ဂိတ်ဖြစ်တဲ့ ထီးခီးကုန်သွယ်ရေးစခန်းက ၆ ဒဿမ ၉ သန်းနဲ့ အများဆုံးဖြစ်ပြီး တရုတ်နယ်စပ် မူဆယ်စခန်းက ၆ ဒဿမ ၅ သန်း ဒုတိယအများဆုံးဖြစ်သလို မြဝတီကုန်သွယ်ရေးစခန်းက ၅ ဒဿမ ၅ သန်း တတိယအများဆုံးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေကို ကိုးကားပြီး ISP က အစီရင်ခံစာထုတ်ပြန်တာဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပြီး ကချင်ပြည်နယ်က လွယ်ဂျယ်နယ်စပ်ဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာပါ။ ကရင်နီပြည်က မယ်စဲ့စခန်းကိုတော့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ချင်းပြည်နယ် ရိဒ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ကရင်ပြည်နယ် မြဝတီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။