မြဝတီမြို့မ ရဲစခန်း တိုက်ခိုက်ခံရ
2023.12.06
ကရင်ပြည်နယ် မြဝတီမြို့က မြို့မရဲစခန်းနဲ့ ထိုင်း-မြန်မာ နယ်ခြားကော်မတီ ရှေ့တန်းရုံးဝင်းထဲ ဒီဇင်ဘာလ ၆ ရက် ညနေ ၆ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရတယ်လို့ ရဲစခန်းအနီး နေထိုင်တဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ မသိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ရဲစခန်း နဲ့ ရှေ့တန်းရုံးဝင်းတွေထဲ ဒရုန်းနဲ့ ဗုံးသီးချတာခံရတယ်။ ရဲစခန်းထဲကို နှစ်လုံးကျပေါက်တယ်။ ရှေ့တန်းရုံးဘက် တစ်လုံးကျတယ်။ မပေါက်ဘူး။ ဒရုန်းကို ရဲနဲ့ စစ်သားတွေ သေနတ်နဲ့ လိုက်ပစ်ချတယ်။ မထိဘူး လွတ်သွားတယ်။ အခု တိုက်ပွဲဖြစ်တယ်ထင်ပြီး အိမ်တွေပိတ် အသွားအလာတွေ မရှိတော့ဘူး။ ညနေ ၄ နာရီကျော်ရင် လမ်းပိတ် ဂိတ်ချထားတာဆိုတော့ ရဲစခန်းဝင်းထဲက ထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး။”
အခုလို တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာကို အခုထိ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို အတည်ပြုနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက် ညနေ ၆ နာရီကတော့ မြဝတီမြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ငါးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Federal Wings က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုတော့ မြဝတီမြို့ ပေါ် ရပ်ကွက်တွေမှာ လျှပ်စစ်မီးဖြတ်တောက်ခံထားရပြီး စစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ် (BGF) တွေက မြို့တွင်း မြို့ပြင် လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။