သောင်းရင်းမြစ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေ ဝမ်းရောဂါ စိုးရိမ်နေရ

2021.12.20
သောင်းရင်းမြစ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေ ဝမ်းရောဂါ စိုးရိမ်နေရ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်ကို ဖြတ်ပြီး စစ်ဘေးဒုက္ခသည်များ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေတာကို ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ KNLA၊ KNDO နဲ့ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ တပ်တွေ ငါးရက်ကြာ တိုက်ပွဲဖြစ်နေလို့ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ် တစ်လျှောက်က စစ်ဘေး‌ဒုက္ခသည် တချို့မှာ ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်နေကြပြီး ကူးစက်လာမှာ စိုးရိမ်ရတယ်လို့ စစ်ဘေးရှောင်နေရ သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀ ရက်အထိ ၅ ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေလို့ စစ်ဘေးရှောင်ရသူ ငါးထောင် ဝန်းကျင်ဟာ သောင်ရင်းမြစ်တစ်လျှောက်မှာ တိမ်းရှောင်နေရတာလို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

"ဒီဘက်က စစ်ဘေးရှောင်တွေ သောက်ရေ မလုံလောက်လို့ သောင်ရင်းမြစ်ထဲက ရေတွေ သောက်နေကြ တော့ ဝမ်းပျက်တာတွေ တချို့ဖြစ်နေတယ်။ နောက် ကျွန်တော်တို့နဲ့ နီးတဲ့ စစ်ရှောင်စခန်း တစ်ခုဆို လူ ၅၀၀ ကျော်အတွက် အိမ်သာက ငါးလုံးပဲ ရှိတယ် "

ဒါ့အပြင် ထိုင်းနိုင်ငံဘက် ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် ၆၂၃ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့ ပေးခဲ့သလို ဒီမနက်လည်း ဝင်ခွင့်မပေးတော့ဘူးလို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးတချို့ကို လူမှုရေးအဖွဲ့တွေက ပေးပို့ထားသလို အစားအသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ဒေါက လူကွန်ယက်က အထွေထွေ အတွင်းရေးမှူး ယအဲ့နက ပြောပြပါတယ်။

ထိုင်းနိုင်ငံထဲမှာတော့ မြန်မာဘက်က စစ်ဘေးဒုက္ခသည် ၂,၀၀၀ ကျော် ရောက်ရှိနေပြီး ဒီဇင်ဘာ ၁၉ ရက် မနေ့ညမှာလည်း လက်နက်ကြီးတွေ ကျရောက်လာလို့ စစ်ဘေးဒုက္ခသည် ၁,၅၀၀ ဝန်းကျင်ဟာ ထိုင်းနိုင်ငံ ဘက်ကို သောင်းရင်းမြစ်ကတစ်ဆင့် ကူးသွားကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေဆီက သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။