မြောင်မြို့နယ်ကို စစ်ကြောင်းထိုးလာလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ
2023.03.21

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ပန်းညိုနဲ့ ညောင်ကားယားရွာတွေကို မတ်လ ၂၁ ရက် ဒီနေ့မနက် အစောပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်လာလို့ အဲဒီရွာနှစ်ရွာအပါအဝင် အနီးနားရွာလေးရွာက ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မြောင်ဒေသခံတွေက ပြောပါတယ်။
အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ရွာထဲဝင်လာလို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အကုန်ပြေးနေရတာ ဒီဘက်တွေမှာ စစ်ရှောင်တွေကတော့ တစ်နေ့တစ်နေ့ သောင်းနဲ့ချီပြီးတော့ ရှိတယ်။ တချို့ကတော့ ရွာထဲမှာ စစ်ကြောင်းထိုးလာတဲ့အချိန် ရှောင်ကြတယ်။ နေ့ခင်းဘက် စစ်ကြောင်းပြန်ထွက်သွားရင် ရွာထဲပြန်ဝင်ကြတယ်။ တချို့ကျတော့လည်း နှစ်ရက်သုံးရက်လောက်ကြာမှ ရွာထဲပြန်ဝင်ရတယ်။ အမြဲတမ်း ထွက်ပြေးနေရတာတော့ မဟုတ်ဘူး”
စစ်ကောင်စီတပ်သားတွေဟာ ပန်းညိုရွာ တောင်ဘက်မှာရှိတဲ့ ဒေသကာကွယ်ရေး စခန်းငယ်တစ်ခုနဲ့ ပန်းညိုနဲ့ ညောင်ကားယားရွာအကြားက ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်းငယ်တစ်ခုကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာမှာ နှစ်ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ရေစကြိုဒေသခံတွေက ပြောပါတယ်။
အဲဒီဘက်ကမှတစ်ဆင့် ရေစကြိုနဲ့ မြောင်မြို့နယ်အစပ် မြောင်မြို့နယ်ဘက်အခြမ်းက ရွာတွေကို စစ်ကြောင်းထိုး နေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့ RFA ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ဖြေဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။