မြောက်ဦးမြို့နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူး ၉၀ နုတ်ထွက်
2019.03.01

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၉၀ ဟာ လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘူးဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံမှာ ဒီနေ့ နုတ်ထွက်စာတင်လိုက်ကြပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ လုံခြုံမှုမရှိဘူးဆိုပြီး စုပေါင်းလက်မှတ်ရေးထိုးပြီး နုတ်ထွက်စာတင်ပြလိုက်တာလို့ မြောက်ဦးမြို့နယ်အတွင်းက ၁၀၃ ဦးရှိတဲ့အထဲက ၉၀ က နုတ်ထွက်တာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ မနေ့ကပြုလုပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ပုံမှန်အစည်းအဝေးကနေ ပြိုင်းချ၊ ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ပေါက်ပင်ကွင်းကျေးရွာတွေက အုပ်ချုပ်ရေးမှူး ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာကို အကြောင်းပြုပြီး အားလုံးနုတ်ထွက် စာတင်လိုက်တာလို့ သိရပါတယ်။
ပြိုင်းချကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်၊ ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျောက်ဆည်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်းနဲ့ ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ရွှေတို့ကို မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်တာပါ။
မနေ့က ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ကျေးရွာဟာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ဦးမြို့နယ် မြောက်ဘက်ပိုင်းဒေသမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
လက်ရှိဒေသတွင်းအခြေအနေတွေအပြင် မနေ့ကဖမ်းဆီးခံရတဲ့ကိစ္စဟာ အုပ်ချုပ်ရေးမှူးတွေအတွက် လုံခြုံမှုမရှိတာ၊ ကာကွယ်ပေးမယ့်သူမရှိတာ၊ ပစ်မှတ်ထားခံလာရတာတွေကို တွေ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ဒီနေ့ ပေးပို့လိုက်တဲ့ နုတ်ထွက်စာထဲမှာ ရေးသားထားပါတယ်။
ဒါ့အပြင် မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိမပေးဘဲ ဖမ်းဆီးခံရတဲ့ကိစ္စဟာ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို ခြိမ်းခြောက်လိုက်တာပဲလို့လည်း အဲဒီနုတ်ထွက်စာထဲမှာ ရေးသားထားပါတယ်။
အုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရတဲ့ကိစ္စအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကတောင် ဘာမှမတတ်နိုင်ဘူးလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
"မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း တာဝန်ယူတာဝန်ခံမှုမရှိဘူးလေ။ အဲဒါကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အကုန်လုံး ဒီနေ့နှုတ်ထွက်စာတင်ပြီးတော့ တံဆိပ်တုံးတွေပါ အကုန်လုံးအပ်လိုက်ကြပါတယ်"
ခြိပ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်း ပြောဆိုသွားတာပါ။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးဦးကို ဖမ်းဆီးမယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးကို ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်ရမှာဖြစ်ပေမယ့် မနေ့က ဖမ်းဆီးခံရတဲ့ကိစ္စမှာ အဲဒီလိုကြိုတင်အသိပေး အကြောင်းကြားတာ မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ရှင်းပြခဲ့တယ်လို့လည်း ပြောပါတယ်။
သံရှင်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက မနေ့က အစည်းအဝေးခန်းမထဲကနေ ခေါ်ဆောင်ဖမ်းဆီးခံရတဲ့ကိစ္စအပေါ် တုန်လှုပ်မိတယ်လို့ ပြောပါတယ်။
"ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ကို အရေးယူမယ်တို့၊ စစ်ဆေးမယ်တို့ဆိုလို့ရှိရင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီးတော့မှ အဲလိုမျိုးလုပ်လို့ရတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ အခုလက်ရှိကိစ္စက မြို့နယ်အုပ်ချုပ်ရေးမှူးတောင် ဘာမှမသိရဘဲနဲ့ အစည်းအဝေးခန်းမထဲမှာ ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးကို ဆွဲခေါ်သွားတယ်ဆိုတော့ ကျွန်တော်တို့လည်း တော်တော်ထိတ်လန့်သွားပါတယ်"
အစည်းအဝေးပြီးချိန် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မြို့နယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးတွေနဲ့ တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ဆိုကြပါတယ်။
ဖမ်းဆီးချုပ်နှောင်ထားတဲ့ မြို့မရဲစခန်းကို သံဆူးကြိုးတွေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားတာတွေ့ရပြီး စခန်းမှူးနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ဘူးလို့လည်း အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ အုပ်ချုပ်ရေးမှူး လေးဦးကို ညနေပိုင်းမှာ ရက္ခိုင့်တပ်မတော် (AA)နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)နဲ့ မြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်သူဖြိုးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ထုတ်ဖော်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
"လောလောဆယ် စစ်ဆေးနေတာကို ကျွန်တော်တို့က ဖြေလို့မရဘူးဗျ။ စစ်ဆေးဆဲဖြစ်နေလို့ပါခင်ဗျ။ သက်ဆိုင်ရာစခန်းမှူးဆီကလည်း ကျွန်တော့ဆီ တက်မလာသေးဘူးဗျ"
ဒီနေ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်လိုက်တာနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်လိုက်တာကြောင့် ရပ်ကွက်ကျေးရွာတွေအတွင်းက အုပ်ချုပ်ရေးကိစ္စရပ်တွေကို ဘယ်လိုဆောင်ရွက်မလဲလို့ ဒီနေ့ နုတ်ထွက်စာတင်လိုက်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို RFA က မေးမြန်းခဲ့ပါတယ်။
နကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က အခုလို ပြောပါတယ်။
"မနက်ဖြန်မှာ အုပ်စုလိုက် အစည်းအဝေးခေါ်ပါမယ်။ ရပ်ရွာထဲမှာဆိုရင် ဂါမပညတ်ဆိုတာရှိပါတယ်။ အသင်းအဖွဲ့အစည်းတွေ၊ ဥပမာ- ဘုရားဒကာ ကျောင်းဒကာတို့ပေါ့။ သူတို့တွေကတော့ ရပ်ရွာကိစ္စ လောက်ပဲဆိုင်တာပေါ့။ မြို့နယ်အုပ်ချုပ်ရေးကိစ္စနဲ့တော့ မပတ်သက်ဘူးပေါ့။ ရပ်ရွာတည်ငြိမ်မှုအတွက် သူတို့ကိုပဲ အပ်မှာပါ"
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်လက်မေးမြန်းရာမှာတော့ သူက -
"အဲဒီသတင်းကိုတော့ ရထားပါတယ်။ ကျွန်တော့အနေနဲ့ တိုက်ရိုက်ပြောလို့ မရသေးဘူးဗျ။ သူုတို့ဆီက တက်လာတဲ့အပေါ်မူတည်ပြီးတော့ အစည်းအဝေးတွေထိုင်ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ ပြောနိုင်ပါမယ်"
အလားတူ ဘူးသီးတောင်မြို့နယ်က သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အလယ်ချောင်းကျေးရွာက ရာအိမ်မှူးတစ်ဦး၊ ရသေ့တောင် ရေကောင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မတရားအသင်းဆက်သွယ်မှုနဲ့ အမှုရင်ဆိုင်နေရပါတယ်။
အဲဒီကျေးရွာတွေအနီးမှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲအသီးသီးဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ဆက်နွယ်ပြီးတော့ ရသေ့တောင်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးပေါင်း ၃၀ ခန့်က တာဝန်ကနေနုတ်ထွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီလအတွင်းက တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အခြေအနေတွေကိုစောင့်ကြည့်ပေးဖု့ိပြောဆိုပြီး ချက်ချင်းနုတ်ထွက်ခွင့် မပြုခဲ့ဘူးလို့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
မနေ့က မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ဆက်နွယ်ပြီးတော့ သူတို့လည်းဖမ်းဆီးခံရနိုင်သလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒီနေ့ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာပြုလုပ်တဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ပုံမှန်အစည်းအဝေးကို အုပ်ချုပ်ရေးမှူး ၂၀ လောက်က တက်ရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၉၀ လောက်ရှိတဲ့အနက် ၇၀ လောက်သာ တက်ရောက်တာကို တွေ့ရတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးအချို့ဟာ ရပ်ရွာထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက်တာ မရှိတော့ဘူးလို့ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့မြင်ရသလောက် အရင်ကလို လုပ်ငန်းတွေ မလုပ်ကြတော့ဘူးဗျ။ အရင်ကလို စိတ်မဝင်စားကြတော့ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာတောင် လဝက် ၁၅ ရက် အစည်းအဝေးတွေ မရှိတော့ဘူး။ အစည်းအဝေးက တစ်လကို နှစ်ကြိမ်လုပ်တာ။ အခုတော့ လဝက်အစည်းအဝေး မရှိတော့တာ"
မြောက်ဦးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးပေါင်း ၁၀၃ ဦးရှိပြီး အဲဒီအထဲက အုပ်ချုပ်ရေးမှူး ၉၀ က ဒီနေ့ နုတ်ထွက်စာတင်လိုက်တာဖြစ်ပါတယ်။
ဒီနေ့ မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ အစည်းအဝေးပြုလုပ်ဆုံးဖြတ်ပြီးတော့ နုတ်ထွက်လိုက်ကြတာလည်းဖြစ်ပါတယ်။
ကျန်တဲ့အုပ်ချုပ်ရေးမှူး ၉ ဦးကတော့ အစည်းအဝေးကို တက်ရောက်လာတာမရှိတဲ့အတွက် နုတ်ထွက်စာတင်တဲ့အထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။