ပါမောက္ခ Su Xiuyu ပညာသင်ဆု မြန်မာလူငယ် ၂၇ ယောက် ရရှိ
2013.09.29
ပညာထူးချွန်တဲ့ မြန်မာလူငယ် (၂၇) ယောက်ကို တက္ကသိုလ် ပညာရေး ဆက်လက်သင်ယူနိုင်ဖို့ အတွက် မြန်မာဘာသာ စကားဆိုင်ရာ တရုတ် အမျိုးသမီး ပါမောက္ခကြီးတစ်ဦးက ပညာသင်ဆု ချီးမြှင့်ခဲ့ပါတယ်။
တရုတ်ပြည် ဘေဂျင်း နိုင်ငံခြား ဘာသာသင် တက္ကသိုလ်က အသက် ၈၄ နှစ်အရွယ် ပါမောက္ခ Su Xiuyu က တနင်္ဂနွေနေ့က ချီးမြှင့်ပေးအပ်ခဲ့တာပါ။
ဆုရသူတွေကို တက္ကသိုလ် ပထမနှစ်အတွက် ကျပ်ငွေ နှစ်သိန်းစီ ထောက်ပံ့သွားမှာဖြစ်ပြီး၊ ဘွဲ့ရရှိတဲ့အထိ ဆုငွေ တိုးမြှင့်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဆုချီးမြှင့်ခံရသူ ၂၇ ဦးဟာ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် (၉) ခုက ဆယ်တန်းအောင်မြင်ခဲ့ကြသူတွေဖြစ်ကြ ပါတယ်။
နောက်ထပ် လူငယ် ၁၅ ယောက်ကိုလည်း ဆက်လက်ချီးမြှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပါမောက္ခ Su Xiuyu ရံပုံငွေ အဖြစ် ပါမောက္ခကြီးရဲ့ ဆန္ဒအရ တရုတ် မြန်မာ ချစ်ကြည်ရေးအသင်းက ကမကထပြု ထူထောင်ခဲ့တာဖြစ်ပါတယ်။
ပါမောက္ခ Su Xiuyu ဟာ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ် ကနေ ဘွဲ့ရရှိခဲ့ ပါတယ်။
ဗုဒ္ဓဘာသာဆိုင်ရာ အဆင်မြင့် စာမေးပွဲတွေကိုလည်း အောင်မြင်ခဲ့သူဖြစ်ပါတယ်။
ရန်ကုန် နန်ယန်း အထက်တန်း ကျောင်းမှာ ကျောင်းဆရာမအဖြစ် ထမ်းဆောင်ခဲ့ပြီး၊ ဖူးကျန့် မိန်းကလေး အထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၆၅ ခုနှစ်မှာ မြန်မာဘာသာစကားကျွမ်းကျင်သူအဖြစ် တရုတ်အစိုးရက ဖိတ်ကြားခဲ့တဲ့အတွက် တရုတ်ပြည် ကို ပြန်သွားပြီး၊ ဘေဂျင်း နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ အမှုထမ်းခဲ့ပါတယ်။
ပါမောက္ခ Su Xiuyu ရဲ့ ပညာရေး၊ ဘာသာရေး၊ လူမှုရေး စွမ်းဆောင်ချက်တွေအတွက် သမ္မတ ဦးသိန်းစိန်က သဒ္ဓမ္မ ဇောတိကဓဇဘွဲ့ကို ဒီနှစ်အစောပိုင်းမှာ ချီးမြှင့်ခဲ့ပါတယ်။