မြန်မာလုပ်သားတွေ ထိုင်း ကုမ္ပဏီကို တရားစွဲပြီ


2016.09.03

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁၄ ဦးက အစားအစာတွေကို နိုင်ငံတကာတင်ပို့ရောင်းချတဲ့ နာမည်ကြီး ထိုင်းကုမ္ပဏီတစ်ခုထံကနေ နစ်နာကြေး အဖြစ် အမေရိကန်ဒေါ်လာ ၁ သန်း ၃ သိန်း ကျော်နဲ့ ညီမျှတဲ့ ထိုင်း ဘတ်ငွေ ၄၆ သန်း ရရှိလိုကြောင်း စက်တင်္ဘာလ ၂ ရက်နေ့ မနေ့က တရားစွဲလိုက်ပါတယ်။

အဲဒီ Betagro ဘိတာဂရို ဆိုတဲ့ ကုမ္ပဏီက ကြက်သားတွေ ဝယ်ယူတဲ့ ကြက်ခြံတစ်ခုမှာ အလုပ်လုပ်ခဲ့ကြတဲ့ မြန်မာ အလုပ်သမားတွေဟာ တနေ့ကို နာရီ ၂ဝ ခန့် အဓမ္မ ခိုင်းစေခံခဲ့ကြရပြီး ညစ်ပတ်နံစော်နေတဲ့ ကြက်ခြံအတွင်း အိပ်စက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

သူတို့ကို နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၇ သိန်းပေးဖို့ ထိုင်းအလုပ်သမားဌာနက အမိန့်ချမှတ်ခဲ့ ပြီးဖြစ်ပေမယ့် အဲဒီ ငွေပမာဏဟာ ငါးနှစ်ကြာ အဓမ္မခိုင်းစေခံခဲ့ရတဲ့ သူတို့အတွက် နည်းလွန်းတယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။ မြန်မာအလုပ်သမားတွေက Betragro ကုမ္ပဏီအပြင် သူတို့အလုပ် လုပ်ခဲ့တဲ့ ကြက်ခြံနဲ့ ထိုင်းအရာရှိ တချို့ကိုပါထည့်သွင်းပြီး Saraburi ဆယာဘူရီ ပြည်နယ်က အလုပ်သမားခုံရုံးမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ကူညီနေတဲ့ အဖွဲ့က Andy Hall အင်ဒီ ဟောလ် ဆိုသူဦးဆောင်တဲ့ ထိုင်းနိုင်ငံအခြေစိုက် MWRN နိုင်ငံခြား အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ ဖြစ်ပါတယ်။ တရားစွဲခံရတဲ့ ဘိတာဂရို Betagro ကုမ္ပဏီ ကတော့ သူတို့ဟာ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ပြောပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။