ထိုင်းရောက် မြန်မာလုပ်သားတွေထံက နိုင်ငံခြားငွေနဲ့ အခွန်ရဖို့ စစ်ကောင်စီကြိုးပမ်းနေ

RFA Burmese
2023.12.11
ထိုင်းရောက် မြန်မာလုပ်သားတွေထံက နိုင်ငံခြားငွေနဲ့ အခွန်ရဖို့ စစ်ကောင်စီကြိုးပမ်းနေ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်တွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
REUTERS

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မိသားစုထံ လစာငွေပြန်ပို့ပြီး စစ်ကောင်စီကို အခွန်ဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က တိုက်တွန်း ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတွေက ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ နှစ်နိုင်ငံအလုပ်သမားဝန်ကြီးတွေ တွေ့ဆုံတဲ့ခရီးစဥ်အတွင်း ဝန်ကြီး ဦးမြင့်နောင်ဟာ ဆူရတ်ဌာနမှာရှိတဲ့ ပင်လယ်စာ စက်ရုံက မြန်မာအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာလို့ စစ်ကောင်စီပိုင်မီဒီယာတွေကနေ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ လစာရဲ့ (၂၅) ရာခိုင်နှုန်းကို မိသားစုဝင်တွေထံ တရားဝင်လမ်းကြောင်းကနေတစ်ဆင့် လစဥ် ဒါမှမဟုတ် သုံးလတစ်ကြိမ် ပြန်ပို့ဖို့နဲ့ အခွန်ငွေ နှစ်ရာခိုင်နှုန်းဆောင်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်အတွက်ပေးရတဲ့ ဗီဇာကြေးနဲ့ စားသောက်စရိတ်အတွက်တောင် မလောက်တာကြောင့် အခုလိုအခွန်ဆောင်ခိုင်းတာ အဆင်မပြေဘူးလို့ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီမြို့မှာနေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ကိုမျိုးမင်းက RFA ကို ပြောပါတယ်။

"အရင်ကလို MoU စနစ်နဲ့ တရားဝင်လာပြီး အလုပ်လုပ်ကိုင်တဲ့သူတွေထက် ရရာနည်းလမ်းနဲ့လာပြီး အလုပ်ဝင်လုပ်ကြတဲ့သူက ပိုများတယ်။ ဒီတော့ ထိုင်းမှာလည်း တရားဝင်ဖို့အတွက် Workpermit ဗီဇာတွေ၊ CI စာအုပ်တွေ လျှောက်ဖို့အတွက်တောင် မနည်းကြိုးပမ်းနေရတာ။ တရားမဝင်ခင်မှာ ထိုင်းရဲဖမ်းမှာကိုလည်း ကြောက်ရတယ်။ ရတဲ့လစာနဲ့ နေထိုင်စားသောက်ဖို့တောင် မလောက်ငှတာ အခွန်ဆောင်ဖို့ တိုက်တွန်း နေတာတွေက အေးဓားပြတိုက်နေသလိုပဲ"

စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ရဲ့ ပြောဆိုမှအပေါ် ဘယ်လိုစီစဉ်ထားလဲ ဆိုတာ သိရဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ အလုပ်သမားသံအရာရှိချုပ် ဦးသူရိန်လင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပြည်ပမှာ တရားဝင် (MoU) စနစ်နဲ့ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေဟာ တရားဝင်လမ်းကြောင်းကနေ ငွေမလွှဲရင် ပြည်ပကို အလုပ်ထွက်လုပ်ခွင့် သုံးနှစ် ပိတ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး ပြည်ပကို တရားဝင် အလုပ်သွားလုပ်သူတွေ ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမယ်လို့လည်း စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ငါးသန်းဝန်းကျင်အထိ ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဒီအထဲမှာ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း ထိုင်းနိုင်ငံတွင်းကို တရားဝင် သွားရောက် အလုပ်လုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား လေးသိန်းကျော်ပါဝင်တယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။