ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့်ကတ် ထုတ်ပေးမည်
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် အလုပ်လုပ်နိုင်တဲ့ အထောက်အထား ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
ကိုဗစ်ရောဂါ ကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့အတွက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ် ခွင့်ကတ်ပြား ပြုလုပ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြု လိုက်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လုပ်ငန်းလိုအပ်ချက်တွေရှိနေလို့ တရားမဝင် နေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထား ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က ဦးအောင်ကျော်က ပြောပါတယ်။
"ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ရွှေ့ပြောင်းလုပ်သားတွေ စာရွက်စာတမ်း အထောက် အထားမဲ့ နေထိုင်သူတွေကို တရားဝင် အလုပ်လုပ်ခွင့်ရအောင် စာရွက်စာတမ်းလုပ်ဖို့ ခွင့်ပြုလိုက်တာ။ တရားမဝင် ခိုးပြီးမှ ထိုင်းနိုင်ငံအတွင်းမှာ ပုန်းအောင်းနေတဲ့ လူတွေကတော့ စက်ရုံတွေကလည်း တရားဝင် အလုပ်ခိုင်းလို့ မရတဲ့အတွက်ကြောင့် အဲဒီလူတွေ ထွက်လာပါ၊ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ အမြန်ဆုံး ဆက်သွယ်ပါ၊ လုပ်ငန်းရှင်တွေက ဦးဆောင်ပြီးတော့ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့အညီ လုပ်ပေးဖို့ ခွင့်ပြုလိုက်တာပါ။ ဆိုလိုတာကတော့ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်တဲ့ လူတွေအားလုံး လုပ်သားလည်း လိုအပ်နေတဲ့အတွက်ကြောင့် အထောက်အထား ထုတ်ပေးလိုက်တဲ့ သဘောပါပဲ"
တရားဝင် အထောက်အထားလုပ်ဖို့ ကုန်ကျစရိတ်ကို အတိအကျ ပြောဆိုထားတာ မရှိပေမယ့် လက်ရှိ ကိုဗစ်ကပ်ရောဂါ အရေးပေါ်ကာလဖြစ်တဲ့အတွက် အထောက်အထားလုပ်တဲ့အခါ အစိုးရ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ထက် သက်သာမယ်နိုင်မယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ဆောက်လုပ်ရေး၊ စက်ရုံ အလုပ်ရုံတွေ၊ လုပ်ငန်းခွင်တွေကို ဝင်ရောက် စစ်ဆေးပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးစစ်ဆေးချက်တွေကို ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။
ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ဖို့ ဘန်ကောက်မြို့ အပါအဝင် ခရိုင်အသီးသီးက လုပ်ငန်းခွင်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်မှာဖြစ်ပြီး တရားမဝင် အလုပ်သမား တွေ့ရှိရင် အလုပ်ရှင်က တရားမဝင် အလုပ်သမားအတွက် ကိုယ်ရေးအချက်အလက်တွေ၊ စာရွက်စာတမ်းတွေ ပြုစုပေးပြီး ဘန်ကောက်မြိုမှာရှိတဲ့ အလုပ်သမားရုံး ၁၀ ရုံး၊ ဒါမှမဟုတ် သက်ဆိုင်ရာ ခရိုင်အသီးသီးမှာရှိတဲ့ အလုပ်အကိုင် ရှာဖွေရေးရုံးတွေမှာ အလုပ်လုပ်ခွင့် (workpermit) လျှောက်ထားပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်လုပ်ခွင့်လက်မှတ်အတွက် လျှောက်လွာခ ထိုင်းဘတ်ငွေ ၁၀၀ ကုန်ကျမှာဖြစ်ပြီး ဒီလက်မှတ်ဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ သက်တမ်းရှိမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ထိုင်းအစိုးရက မြန်မာ၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) စနစ်နဲ့ ခေါ်ယူရေးမှာ ကာကွယ်ဆေး ထိုးထားသူတွေနဲ့ မထိုးသေးသူတွေဆိုပြီး အုပ်စု ၃ အုပ်စုခွဲပြီး ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လုပ်ငန်းလိုအပ်ချက်တွေကြောင့် ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော် MOU စနစ်နဲ့ ခေါ်ယူ မယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လက ပြောဆိုထားပေမဲ့ နောက်ပိုင်းမှာ ရွှေ့ပြောင်းအလုပ်သမား ၈ သောင်းသာ ခေါ်ယူမယ်လို့ ပြောဆိုထားပါတယ်။