ထိုင်းမှာ သုံးရက်အတွင်း အထောက်အထားမဲ့ မြန်မာ လေးရာခန့် ဖမ်းဆီးခံရ
2024.12.16

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၃ က ၁၅ ရက်နေ့အထိ သုံးရက်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား လေးရာခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့ ပြောပါတယ်။
“၁၃ ရက်နေ့တစ်ရက်တည်း မြန်မာနိုင်ငံသား သုံးရာ။ ဘယ်နေရာတွေလဲဆိုတော့ ချွန်ဘူရီခရိုင်မှာက နှစ်နေရာ ပေါ့။ ချွန်ဘူရီမြို့နယ် တစ်ရာဝန်းကျင်ရယ်၊ ပတ္တရားမြို့နယ်ရယ် ၁၂၀ ဝန်းကျင်။ အလားတူပဲ အဲဒီတစ်နေ့တည်းမှာပဲ စမွန်စခွန်ခရိုင်မှာရှိတဲ့ ပါဆယ်ထုပ်ပိုးတဲ့ လုပ်ငန်းတစ်ခုမှာ အထောက်အထားမဲ့ မြန်မာ ၁၂၁ ယောက် အဖမ်းခံရတယ်”
ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းကလည်း ရနောင်းခရိုင်မှာ အလုံပိတ်ကားတစ်စီးပေါ်ကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၉ ဦးကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို မကြာခင်ပြုလုပ်ပေးတော့မဲ့ ပန်းရောင်ကတ် အထောက်အထား ပြုလုပ်ပေးတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့အထိ အဖမ်းအဆီးမပြုလုပ်ဘူးလို့ ထိုင်းအစိုးရ အာဏာပိုင်တွေက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဆက်လက်ဖမ်းဆီးခံနေရတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၈၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အရေးကူညီနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာအထိ ဆယ်လအတွင်း မြန်မာ ၅၄၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi အဖွဲ့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၂ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။