၆ ရက်အတွင်း ထိုင်းနိုင်ငံထဲခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၈ ဦးဖမ်းမိ

ထိုင်းနိုင်ငံတောင်ပိုင်း၊ တာခ့်ခရိုင်၊ မဲဆောက်မြို့နယ်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ငါးဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ၂၀၂၁ စက်တင်ဘာ ၆ ရက်နေ့က ဖမ်းဆီးမိခဲ့စဉ်
ထိုင်းနိုင်ငံတောင်ပိုင်း၊ တာခ့်ခရိုင်၊ မဲဆောက်မြို့နယ်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ငါးဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ၂၀၂၁ စက်တင်ဘာ ၆ ရက်နေ့က ဖမ်းဆီးမိခဲ့စဉ် (Photo: mgronline)

ထိုင်းနိုင်ငံတောင်ပိုင်း၊ တာခ့်ခရိုင်၊ မဲဆောက်မြို့နယ်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ငါးဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် MGR Online သတင်းမှာ ဖော်ပြထားပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့နဲ့ စစ်သားတွေ ကင်းလှည့်ချိန် တောထဲမှာပုန်းနေတဲ့သူ ခြောက်ယောက်ထဲက ငါးယောက်ကို ဖမ်းဆီးမိခဲ့ပြီး တစ်ယောက်ကတော့ သောင်ရင်းမြစ်ထဲ ခုန်ဆင်းပြီး ထွက်ပြေးလွက်မြောက် သွားတယ်လို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ဘက်ကနေ ထိုင်းနိုင်ငံ တာခ့်ခရိုင်ထဲကို အခုတလော နေ့စဉ်ဆိုသလို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိနေပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၈ ဦး ဖမ်းဆီးခံရပြီးဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးတို့ဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားနေပြီး အလုပ်အကိုင်မရှိတာကြောင့် ထိုင်းနိုင်ငံအတွင်းပိုင်းမြို့ကိုဝင်ဖို့ ပွဲစားကို တစ်ဦးကို ဘတ်ငွေ ၁၅၀၀၀ ပေးပြီးဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ငါးဦးကို ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးနောက် တရားမဥပဒေအရ တရားမဝင် ဝင်ရောက်လာမှုနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

မဲဆောက်ခရိုင်အတွင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ၊ နယ်ခြားစောင့်တပ်တွေက ၂၄ နာရီလုံး လုံခြုံရေး တင်းကျပ်ထားသလို၊ စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။