ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်လာတဲ့ မြန်မာ ၁၂၃ ဦး အဖမ်းခံရ

RFA Burmese
2024.04.05
ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်လာတဲ့ မြန်မာ ၁၂၃ ဦး အဖမ်းခံရ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်မှာ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၂၃ ဦးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်။
Kanchanaburi News

ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ပြီး တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂၃ ဦးကို တနင်္သာရီတိုင်းနဲ့ ကပ်နေတဲ့ ကန်ချနပူရီခရိုင်ထဲမှာ ဧပြီလ ၄ ရက်နေ့က ဖမ်းမိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Kanchanaburi News က ဖော်ပြပါတယ်။

ကုန်တင်ကားလေးစီးနဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေကို ကန်ချနပူရီခရိုင် နော်ဘူဝါးရပ်ကွက်ထဲက စွန့်ပစ်အိမ်တစ်လုံးမှာ ဖမ်းမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၉၄ ဦးနဲ့ အမျိုးသမီး ၂၉ ဦးပါဝင်တယ်လို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်လာရောက်တဲ့ မြန်မာနိုင်ငံသားတွေ များလာတာကြောင့် ထိုင်းအစိုးရက အခုနောက်ပိုင်း ခံဝန်ထိုးပြီး မြန်မာနိုင်ငံဘက်ပြန်ပို့တာများတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။

“အခုနောက်ပိုင်း ဝင်တဲ့လူကများတော့ ထိုင်အစိုးရက ထိန်းသိမ်းရေးစခန်းတွေကို မပို့နိုင်တော့ဘူးဗျ။ အများဆုံးကတော့ လက်မတွေ လက်ဗွေနှိပ်ပြီး ပြန်ပို့တာများနေတယ်”

ကန်ချနပူရီခရိုင်မှာ တရားမဝင် ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတဲ့ဖြစ်ရပ်တွေ နေ့စဉ်နဲ့ အမျှကြားနေရတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ကန်ချနပူရီခရိုင်မှာ နှစ်ရက်အတွင်း ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ပြီး တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။