ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၇၀ ခန့် ဖမ်းဆီးခံရ

RFA Burmese
2025.01.31
ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၇၀ ခန့် ဖမ်းဆီးခံရ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၄၄ ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့စဉ်။
Facebook/ Ye Min

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၆၉ ဦးကို ကန်ချဘူရီခရိုင် ဘောလွယ်မြို့က စစ်ဆေးရေးဂိတ်မှာ ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီလ ၃၁ ရက် ဒီနေ့ ဖမ်းဆီးလိုက်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၀၂ ဦးနဲ့ အမျီုးသမီး ၆၇ ဦး ပါဝင်ပါတယ်။

ဒီရက်ပိုင်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်လာတဲ့ မြန်မာတွေ ဖမ်းဆီးခံရတာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ဒါဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းမှုတွေနဲ့ ဆက်စပ်နေတယ်လို့ Myanmar Humanitarian Action Centre (MHAC) အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။

“စစ်အုပ်စုက အတင်းအဓမ္မ စစ်သားစုဆောင်းနေတယ်။ အခုဆို မိန်းကလေးပါမချန် စစ်သားစုဆောင်းနေတော့ သူတို့လည်း ရရာလမ်းကနေ မရမကကို ဝင်လာကြတာပေါ့။ စစ်ကောင်စီအောက်မှာ စစ်မှုထမ်းရမှာကို ကြောက်ပြီးတော့။ ပွဲစားတွေကလည်း ဒီလိုအချိန် ထိုင်းထဲကိုဝင်ရင် သေချာပေါက်မိမှာ သိလျက်သားနဲ့ ငွေမျက်နှာတစ်ခုတည်းနဲ့ ပို့နေတာက တော်တော်ဆိုးတယ်”

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ ထောင်ကျတာအပြင် ပွဲစားခ၊ လမ်းစရိတ် ဆုံးရှုံးမှာဖြစ်သလို ထောင်ကနေ ပြန်လည်လွတ်မြောက်လို့ နေရပ်ပြန်ပို့ရင်လည်း စစ်ကောင်စီရဲ့ အဓမ္မလူသစ်စုဆောင်းမှုနဲ့ ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၂၉ နဲ့ ၃၀ ရက်နေ့ နှစ်ရက်အတွင်းမှာလည်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ကန်ချနဘူရီခရိုင်မှာ အထောက်အထားမဲ့ မြန်မာ ၁၁၈ ဦး နဲ့ တာ့ခ်ခရိုင်မှာ ၂၆ ဦး စုစုပေါင်း ၁၄၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နယ်စပ်မှာ လုံခြုံရေးတင်းကျပ်နေတာကြောင့် မြန်မာနိုင်ငံသားတွေ အထောက်အထားမရှိဘဲ မလာကြဖို့ ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေရဲ့ လူကုန်ကူးမှုကို တားဆီးဖို့ ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာ နယ်စပ်မှာ ဇန်နဝါရီလ ဒုတိယပတ်ကစပြီး လုံခြုံရေးတင်းကျပ်ထားတာလို့ မဲဆောက်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။